ကုလလူ့အခွင့်အရေးကိုယ်စားလှယ် AA လုပ်ရပ်တွေကို လျှော့ပေါ့ရေးထားဟု သမ္မတရုံး ပြောကြား
2020.05.01
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ ယန်ဟီးလီရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ပါ ဖော်ပြထားချက်တွေနဲ့ ပတ်သက်လို့ တစ်ဖက်သတ် ရေးသားထားချက်တွေဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ တပ်မတော်အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ရတဲ့အခါ မလွှဲမရှောင်သာ အရပ်သား ထိခိုက်မှုတွေရှိတတ်ပြီး တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမရှိဘူးလို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ဘက်ကသာ ဒေသခံတွေဆီ ပို့ဆောင်ပေးတဲ့ ရိက္ခာယာဉ်တန်းတွေကို ဖြတ်တောက်တာ၊ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး၊ တပ်မတော်က အေအေကို ပြန်လည်နှိမ်နင်းတာသာ ဖြစ်တယ်၊ တပ်မတော်ဘက်က အဲဒီလို နှိမ်နင်းတဲ့အခါ အရပ်သားတွေကို မလွှဲသာမရှောင်သာ ထိခိုက်မိတာ ဖြစ်ပြီး၊ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ မရှိဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။
“အရပ်သားတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်မှုတွေ လုပ်တယ်၊ အရပ်သား အယောင်ဆောင်ပြီး တိုက်ခိုက်မှုတွေ လုပ်တယ်၊ အရပ်သားတွေကို တမင်ထိအောင် လုပ်နေတာက အေအေက လုပ်နေတာ၊ ဒါမျိုးလုပ်တဲ့အဖွဲ့ကို နှိမ်နင်းတဲ့အခါမှာ တပ်မတော်အနေနဲ့ ထိခိုက်မိတာတွေ ရှိတယ်၊ သူရည်ရွယ်ချက် ရှိရှိ လုပ်တာမဟုတ်ဘူး၊ ဒါတွေနဲ့ပတ်သက်လို့လည်း တပ်မတော်ဘက်က လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ သူတို့လုပ်တယ်၊ အရပ်သား သေဆုံးမှုတွေနဲ့ပတ်သက်ရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျနော်တို့ သိရတယ်၊ အရပ်သားဟန်ဆောင်ပြီး အရပ်သားတွေ သေဆုံးထိခိုက်အောင် လုပ်တာ အေအေလုပ်တာ၊ ဒီလိုမျိုး မျှမျှတတ မရှိတဲ့၊ မမျှတတဲ့ အချက်တွေ ပါတဲ့ သူ့ရဲ့စုံစမ်းစစ်ဆေးမှုကိုတော့ ကျနော်တို့က ဘက်လိုက်မှု ရှိတယ်၊ မျှတမှုမရှိဘူးလို့ ဒီလိုပဲ ကျနော်တို့က မြင်ပါတယ်။"
ဒါပေမဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်းဟီလီရဲ့ အစီရင်ခံစာမှာတေ့ာ အေအေ ရဲ့ လုပ်ရပ်တွေကို ဖော့ထားပြီး၊ တပ်မတော်ဘက်ကိုတော့ ပြစ်တင်စွပ်စွဲထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
အေအေ အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဓာတ်ခွဲစစ်ဖို့ အာခေါင်တို့ဖတ်တွေ သယ်လာတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ - WHO ပိုင်ကားကို ပစ်ခတ်ရုံမက၊ ချင်းပြည်နယ် ပလက်ဝမှာလည်း အစာရေစာ ပြတ်လပ်နေတဲ့ ဒေသခံတွေကို ဆန်ထောက်ပံ့ဖို့ သယ်ယူလာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ပိုင် ကားကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒါဟာ လုံးဝ မလုပ်သင့်တဲ့လုပ်ရပ်တွေဖြစ်ပြီး၊ ချင်းပြည်နယ်က ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ လက်နက်ငယ်ထိမှန်ပြီး ပုခုံးနဲ့ တခြားနေရာတွေမှာ ဒဏ်ရာရရှိခဲ့တယ်လည်း ဦးဇော်ဌေးက ပြောပါတယ်။
ရခိုင်ပြည်နယ်က WHO ပိုင်ကား ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး အစိုးရမီဒီယာတွေမှာ အေအေအဖွဲ့ရဲ့ လုပ်ရပ်လို့ တရားဝင်ဖော်ပြထားပြီးမှ၊ ဘာ့ကြောင့်စုံစမ်းရေးကော်မတီဖွဲ့တာလဲ၊ ဒီကော်မတီရဲ့ စုံစမ်းစစ်ဆေးချက်တွေက ဘယ်လောက်ထိ တိကျမှန်ကန်မလဲလို့ RFA က မေးမြန်းရာမှာတော့၊ အေအေရဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံတကာ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့တာမို့ နိုင်ငံတကာက ကျေနပ်အောင် စုံစမ်းစစ်ဆေးပေးရတာ ဖြစ်တယ်။ အေအေ ပစ်ခတ်တဲ့ လုပ်ရပ်မှန်း ရှင်းနေတာကို ပိုရှင်းအောင် စုံစမ်းပေးရတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
“နံပါတ်-၁ က ဒါက အေအေပစ်တာ၊ ရှင်းတယ်၊ ရှင်းနေတယ်၊ ဒါက ရှင်းရှင်းလင်းလင်းဖြစ်တယ်၊ အဲဒါကို ဘာ့ကြောင့် စုံစမ်းစစ်ဆေးရသလဲဆိုတော့ WHO-က ဝန်ထမ်းတစ်ယောက်သေသွားတယ်၊ နိုင်ငံတကာ ဝန်ထမ်းတစ်ယောက်ပေါ့နော်၊ သေသွားတဲ့အတွက် သက်ဆိုင်ရာနိုင်ငံက ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းနေတာကို ပိုရှင်းအောင် စုံစမ်းစစ်ဆေးတာဖြစ်တယ်၊ အဲဒီမှာ ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲဆိုတော့ နိုင်ငံတကာစံနှုန်းတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ကျနော်တို့ သူ့ရဲ့လုပ်ငန်းတာဝန်မှာ ထည့်ထားပေးပါတယ်”
ရခိုင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေကို ဆေးရုံပို့ရာမှာ၊ တပ်မတော် စစ်ဆေးရေး ဂိတ်တွေက အစစ်အဆေး များလွန်းတာကြောင့်၊ မသေသင့်ဘဲ သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ “အဲဒီကိစ္စ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရနဲ့ ဒေသအခြေစိုက် တပ်မတော်တို့ ညှိနှိုင်းနေတယ်” လို့ ဦးဇော်ဌေးက ရှင်းပြသွားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOရဲ့ ကားကို ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကို AA အဖွဲ့က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့AA အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက RFA ကိုပြောပါတယ်။ အမှုမှန်ပေါ်ပေါက်စေချင်ရင် နိုင်ငံတကာက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့လုပ်မှ ဖြစ်မယ်လို့လည်းဆိုပါတယ်။ ဒီလိုအဖွဲ့မျိုးက စုံစမ်းတဲ့စစ်ဆေးတာမျိုးကိုပဲ ရခိုင့်တပ်တော် AA ဘက်က ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ကိုဖြတ်တောက်၊ သတင်းအမှောင်ချပြီး သတင်းမီဒီယာတွေကို ပဋိပက္ခဖြစ်တဲ့နေရာတွေကို မလာစေတဲ့ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်တို့ရဲ့လုပ်ရပ်က တဖက်သတ်ဝါဒဖြန့်နေတာပဲလို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက RFAကို ပြောပါတယ်။
အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ကာလမှာ ရခိုင်ပြည်နယ်မှာ အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့ မရှိဘူးလားဆိုတဲ့ RFA ရဲ့ အမေးကိုတော့
“အင်တာနက်တွေ ပြန်မဖွင့်ပေးပေမယ့်၊ မိုဘုန်းဖုန်းတွေက တစ်ဆင့် ကိုရိုနာဗိုင်းရပ် ပညာပေး အစီအစဉ်ကို ဒေသခံတွေ ကြည့်ရှူနားဆင်လို့ရအောင် အစိုးရက ဖြန့်ဝေပေးနေတယ်လို့ ဦးဇော်ဌေးက ရှင်းပြပါတယ်။ ဒီအတွက် စစ်ဘေးရှောင် အိုင်ဒီပီတွေပါ ကိုဗစ်-နိုင်တီးန် နဲ့ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေကို သိရှိနားလည်နေတယ်" လို့လည်း ဦးဇော်ဌေးက ရှင်းပြသွားပါတယ်။
မကြာခင် ရခိုင်ဘက်မှာ မုန်တိုင်းလာနိုင်တယ်လို့ သတိပေးကြေညာထားတာကြောင့် ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်က ရိုဟင်ဂျာဒုက္ခသည် လှေနှစ်စီးကို ကယ်တင်ဖို့ရှိပါသလားဆိုတဲ့ AFP သတင်းထောက်ရဲ့ အမေးကိုတော့ အဲဒီကိစ္စ စုံစမ်းစစ်ဆေးနေဆဲလို့ ဦးဇော်ဌေးက ပြောပါတယ်။
"ကျနော်တို့ သိသလောက်ကတော့ ဟိုဘက်မှာရှိတဲ့ စခန်းတွေ၊ ကမ့်တွေကနေ သွားတယ်လို့ ကျနော်တို့ သိရတယ်။ သို့သော်လည်းပဲ ကျနော်တို့ confirm တော့ မဖြစ်သေးဘူး၊ ကျနော်တို့ နိုင်ငံရဲ့ မူဝါဒကတော့ အရင်လည်း တပ်မတော် ရေ ကနေပြီးတော့ ကျနော်တို့ရဲ့ ပိုင်နက်ပင်လယ်ပြင်မှာ သွားတဲ့ လှေတွေဆို ခေါ်ယူပြီးတော့ မူရင်းဒေသ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ခဲ့တာရှိတယ်။ တချို့ ရခိုင်က လူနည်းစု ပါပါတယ်၊ အဲဒါတွေလည်း သူဒေသကို ပြန်ပို့တာရှိတယ် ဒါမျိုးပဲ လုပ်သွားဖို့ရှိပါတယ်။ သို့သော်လည်းပဲ ဒီလူတွေက ဘယ်က လူတွေလည်း ဆိုတာကိုတော့ စိစစ်နေတယ်၊ ဘယ်နေရာရောက်နေလဲ အဲဒါလည်း ကျနော်တို့ မေးထားပါတယ်။"
ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး ရှင်းပြသွားတာပါ။
ဒီကနေ့ သတင်းစာရှင်းပွဲမှာ ရခိုင်မြောက်ပိုင်း ပြဿနာ၊ ချင်းပြည်နယ်ကို အချိန်မီ ဆန်ထောက်ပံ့နိုင်ရေး ကိစ္စတွေအပြင်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ထိခိုက်ပျက်ဆီးနေတဲ့ မြန်မာ့စီးပွားရေး နလန်ထူရေး အစိုးရရဲ့အစီအစဉ်အကြောင်းနဲ့ ငြိမ်းချမ်းလုပ်ဆောင်နေမှုတွေကိုလည်း ဦးဇော်ဌေးက ထည့်သွင်း ရှင်းလင်းသွားပါတယ်။
ကိုရိုနာကပ်ရောဂါဖြစ်နေပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ မရပ်တန့်ဘဲ မူလအတိုင်းသွားဖို့ရှိ မေလထဲမှာ ဆွေးနွေးနိုင်ဖို့ နည်းလမ်း နှစ်မျိုး လျာထားတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
“ပထမနည်းလမ်းက ရန်ကုန်မှာရှိတဲ့ EAO အလုပ်အဖွဲ့နဲ့တွေ့ပြီး ဆွေးနွေးမယ်။ ပြီးရင် တစ်ရက်နားမယ်၊ အဲဒီနားနေတဲ့တစ်ရက်မှာ EAO အလုပ်အဖွဲ့ကလည်း သူတို့အဖွဲ့ကို ပြန်ဆွေးနွေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ကလည်း ဒီဘက်မှာ အစိုးရတပ်တို့နဲ့ ပြန်ဆွေးနွေးမယ်၊ ပြီးတာနဲ့ နောက်တစ်ရက်မှာ EAO အလုပ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ပြန်ထိုင်ဆွေးနွေးသွားမယ်” လို့ ဆိုပါတယ်။
“ဒုတိယနည်းလမ်းကတော့ အွန်လိုင်းနဲ့ ဆွေးနွေးတာမျိုး လုပ်သွားဖို့ရှိတယ်၊ အခုကတော့ ဘယ်နည်းလမ်းနဲ့ သွားမယ်ဆိုတာတော့ အတည်မဖြစ်သေးဘူး” လို့ သမ္မတအိမ်တော် ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ရှင်းပြသွားပါတယ်။