အိန္ဒိယသို့ သစ်တင်သွင်းမှုဖြင့် သစ်စက်ရှင်နှင့် လုပ်သားများ ထောင်ဒဏ်စီရင်ခံရ

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ ရှိတဲ့ သစ်စက် တော်တော်များများက သစ်စက်ပိုင်ရှင်တွေနဲ့ သစ်စက် အလုပ်သမား ၅၀ ကျော်ကို သစ်တောဆိုင်ရာ ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေဖို့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တရားရုံးက မေလ ၄ ရက် မနေ့က စီရင်ချက် ချမှတ်ခဲ့ပါတယ်။

2011.05.05

အိန္ဒိယကို တရားမဝင် သစ်များတင်သွင်းမှုနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က နေပြည်တော် အထူးညွှန်ကြားချက်ဖြင့် ဖမ်းဆီးခံခဲ့ရတဲ့ သစ်စက်တချို့က စက်ပိုင်တွေနဲ့အလုပ်သမား ၇၀ ခန့် ဖြစ်ပါတယ် ။ အဖမ်းဆီးခံရတဲ့ ၇၀ ခန့်ထဲက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၁ ယောက်ကို ရက်သတ္တပတ်အကြာ ထိန်းသိမ်ထားပြီး တမူးမြို့အချုပ်ထဲက ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့အယောက် ၅၀ ကျော်ကိုတော့ မနေ့က တမူးမြို့နယ်တရားရုံးမှာ ပုဒ်မ-၄/ခ ဂ သစ်တော ဆိုင်ရာ ဥပဒေဖြစ်တဲ့ တရားမဝင် နိုင်ငံခြားကို သစ်ခိုးထုတ်မှုနဲ့ တဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပြီး တရားရုံးထဲကိုဘယ်သူမှ ဝင်ခွင့်မရကြောင်း အဖမ်းခံရတဲ့ထဲက သစ်စက်ပိုင်ရှင်တဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

ွဲဆိုထားတဲ့ ဆိုင်ရာ ဥပဒေပုဒ်မမှာ သစ်မှောင်ခိုမှု ဖြစ်နေပေမဲ့ တိုင်း၊ မြို့နယ်၊ ခရိုင်၊ ရဲနဲ့ သက်ဆိုင်ရာ စစ်တပ် အာဏာပိုင်တွေဆီက ခွင့်ပြုချက်တွေနဲ့ လစဉ်ကြေးပေးပြီး လုပ်ကိုင်နေရတာ ဖြစ်တယ်လို့ စက်ပိုင်တဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

“ဒီတမူးနယ်ကပေါ့နော် လုပ်ခွင့်ပေးတာပေါ့နော်၊ လုပ်ခွင့်ပေးတယ်ဆိုတာက ညှိနှိုင်းပြီးတော့ တလမှာ ဆိုရင် သူတို့က မယရကို နှစ်သိန်းခွဲပေါ့နော်၊ စစ်တပ်ကို နှစ်သိန်း၊ ရဲမင်းကြီးကို နှစ်သိန်း၊ တမူးခရိုင်ဆိုရင်လည်း နှစ်သိန်းပေါ့နော်၊ ပြီးတော့ဒေသအလိုက်၊ ဒီနယ်အလိုက် စစ်တပ်ကိုပေါ့နော် နှစ်သိန်း၊ အဲဒီလိုမျိုးပေးတယ်၊ ငွေကြေး အခွန်ဆောင်တာပေါ့ ဆောင်ပြီးမှ အဲလိုမျိုး လုပ်ခွင့် ပေးတယ်။ လုပ်ခွင့်ပေးပြီးမှ တခါတည်း သူတို့က ဖမ်းတာပေါ့နော်။ တလတလကို ငွေတွေ ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ် ဝန်းကျင် ငွေတွေ လာဘ်စားပြီးမှ ယူတယ်”

ထောင်ဒဏ် ၂ နှစ်စီ ချခံရတဲ့အထဲက တချို့မှာ ကျောင်းအားရက် သစ်စက် အလုပ်သမားအဖြစ် လုပ်ကိုင်ရင်း ကျောင်းစရိတ်ရှာနေတဲ့ ကျောင်းသားတွေ ပါဝင်ပြီး ကျန်လူတွေမှာ အဓိက အိမ်ထောင်ဦးစီးတွေ ဖြစ်တဲ့အတွက် မိသားစုတွေအတွက် တော်တော်လေး ဒုက္ခရောက်ကုန်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

 “ထောင်ကျတဲ့လူတွေကလည်း ငါးဆယ့်ငါးယောက်ထဲမှာ ၁၇၊ ၁၈လောက်က အဝေးသင်တက္ကသိုလ် ကျောင်းသားတွေ၊ ကျမ်းစာ ကျောင်းသားကလေးတွေပေါ့နော် သူတို့ ကျောင်းပိတ်တဲ့အချိန် ကျောင်းစရိတ်အတွက် ငွေရှာနေကြတာပေါ့နော်၊ ကျောင်းဆက်တက်ဖို့ ကလေးတွေလည်း ပါတယ်။ ကျန်ခဲ့တဲ့ မအေတွေက ပိုပြီးတော့ ရင်နာရတာပေါ့၊ အခု ဖမ်းခံရတဲ့ လူတွေ ကြည့်ရတာလည်း မိသားစုထဲမှာ ငွေရှာတဲ့ လူတွေချည်းပဲ အဖမ်းခံရတာဆိုတော့ ကျန်ခဲ့တဲ့ မိသားစုတွေက မအေတို့၊ အမျိုးသမီးတွေ၊ အဖွားကြီးတွေ၊ ကလေးတွေပဲ ဆိုတော့လေ မိသားစုအတွက် ပိုပြီး အရမ်းခက်ခဲတာပေါ့”

ပြစ်ဒဏ်ပေးခံရတဲ့ အယောက် ၅၀ ကျော်စလုံးဟာ ကူကီးအမျိုးသားတွေပဲ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ မြန်မာပြည်က အိန္ဒိယကို တရားမဝင် သစ်ခိုးထုတ်မှုအပေါ် ဖမ်းဆီးစစ်ဆေးတာ ပထမဆုံး အကြိမ်ဖြစ်ပြီး နေပြည်တော်က တိုက်ရိုက် အမိန့်ပေး ဖမ်းခိုင်းတာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။