စစ်သုံ့ပန်း မိသားစုဝင် တစ်ရာကျော် AA ပြန်လွှတ်ပေး
2025.02.09

ရခိုင်ပြည်နယ်က တိုက်ပွဲအတွေအတွင်း အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် (တပ်မိသားစုဝင်) ၁၁၆ ဦးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထားတဲ့ အရပ်သား၊ အကျဉ်သား ၂၆ ဦးကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးလိုက်တယ်လို့ AA နဲ့ နီးစပ်သူတွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြောပါတယ်။
အခုပြန်လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေဟာ စစ်ကောင်စီ ထိန်းချုပ်မှုမရှိတဲ့ ဒေသလူတွေဖြစ်ပြီး အခမ်းအနားနဲ့တကွ ပြန်လွှတ်ပေးလိုက်တာလို့ AA နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“လောလောဆယ် သုံ့ပန်းမိသားစု ၁၁၆ ဦး၊ ပြီးရင် အရပ်သား အကျဉ်းသား ၂၆ ဦးကို ကနဦး လွှတ်ပေးတာပါ။ နောက်ထပ်စစ်ဆေးပြီးတော့ ပြန်လွှတ်လို့ရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ ရှိသေးတယ်။ ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေကိုတော့ အပြစ်ပေးထားတာတွေရှိတယ်”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာကြောင့် ဘယ်မြို့နယ်ကနေ ပြန်လွှတ်ပေးတယ်ဆိုတာ ထုတ်ဖော်မပြောဆိုလိုကြောင်း သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ လတ်တလော အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင် တစ်ရာကျော် သေခဲ့ဆုံးပြီး ၁၂ဝ ကျော်ဒဏ်ရာရခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။