စစ်ကောင်စီလွတ်ငြိမ်းစာရင်းမှာပါပေမယ့် လွတ်မလာသူ အများအပြားရှိနေ
2023.05.11

၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့က ပုဒ်မ ၅၀၅ (က)နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားနှစ်ထောင်ကျော်ကို စစ်ကောင်စီက ပြန်လွှတ် ပေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ထောင်ဘူးဝရောက်မှ အမှန်တကယ် ပြန်မလွတ်သူတွေနဲ့ လွှတ်ပြီးနောက်ပိုင်း ပြန်လည်အဖမ်းခံရသူ တွေရှိတာကြောင့် စစ်ကောင်စီပြောတဲ့အရေအတွက်ဟာ မှန်ကန်မှုမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကပြောပါတယ်။
မန္တလေးထောင်မှာဆိုရင် ၅ မျဉ်းစောင်း၊ မှတ်ပုံတင်နံပါတ်ကိုင်ဆောင်တဲ့ စစ်ကိုင်းတိုင်းက အကျဉ်းသားအရေအတွက် ရာနဲ့ချီပြီးထောင်ဘူးဝရောက်မှ ပြန်မလွှတ်တဲ့ အခြေအနေတွေ ကြုံခဲ့ရတယ်လို့ နီးစပ်သူတွေကပြောပါတယ်။
စစ်ကိုင်းက လူတစ်ရာကျော်၊ အကြမ်းဖျင်းလူ (၁၀၇) ယောက်က လွှတ်ဖို့ထဲပါပြီးသား၊ လွှတ်လူလို့လည်း လည်ပင်းမှ ကြိုးတွေဆွဲထားပြီးသား။ ဒါပေမဲ့ စစ်ကိုင်းတိုင်းကမို့လို့ မလွှတ်ဘူးဆိုပြီး နောက်ဆုံး စစ်ကိုင်းက မလွတ်ဘူး။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့ ကဆုန်လပြည့်နေက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-(က)နဲ့ ဖမ်းဆီးခံထားရသူ ၂၁၅၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အမှန်တကယ်ပြန်လွတ်သူ ၁၂၇၇ ဦးအထိသာ သူတို့ အတည်ပြုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အရင်လွတ်ပြီးသားသူတွေကိုလည်း ကဆုန်လပြည့်နေ့ ပြန်လွှတ်တဲ့သူစာရင်းမှာ ထည့်သွင်းထားတာတွေရှိတယ်လို့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“ သူတို့ပြောထားတဲ့ ၂၁၅၃ ယောက်၊ အဲ့ဒါတော့မဟုတ်ဘူး။ တချို့ဆိုရင် စာရင်းထဲမှာပါလာတယ်။ ဒါပေမယ့် အရင် ဧပြီ ၂၈ ရက်နေ့မှာ လွှတ်ထား တာတို့ဘာတို့၊ ဒါမျိုးတွေလည်းပါတယ်။”
AAPP က ကဆုန်လပြည့်နေ့က ပြန်လွတ်လာသူ ၁၂၇၇ ဦးပဲ အတည်ပြုနိုင်တယ်ဆိုတာဟာ မေလ ၄ ရက်နေ့ညနေပိုင်းအထိ ရရှိထားတဲ့ စာရင်းဖြစ်ပြီး နောက်တိုးအနည်းငယ် ရှိနိုင်ပေမယ့် စစ်ကောင်စီ ကြေညာချက်အတိုင်း နှစ်ထောင်တစ်ရာကျော် လွှတ်ခဲ့တယ်ဆိုတဲ့ စာရင်းက မဟုတ်မှန်ဘူးလို့ AAPP တာဝန်ရှိသူကဆိုပါတယ်။
မန္တလေးအကျဉ်းထောင်ကဆိုရင် ၅၀၅ (က)နဲ့ ထောင်ချထားတဲ့ စစ်ကိုင်းတိုင်းက အကျဉ်းသားတစ်ရာကျော်ကို လွှတ်မယ်ဆိုပြီး ထောင်ဗူးဝကို ခေါ်လာပြီးကာမှ ပြန်မလွှတ်ခဲ့ဘူးလို့ မန္တလေးအကျဉ်းထောင်နဲ့ နီးစပ်သူဦးမောင်မောင်(အမည်လွှဲ) ကပြောပါတယ်။
“စစ်ကိုင်းက လူတစ်ရာကျော်၊ အကြမ်းဖျင်းလူ (၁၀၇) ယောက်က လွှတ်ဖို့ထဲပါပြီးသား၊ လွှတ်လူလို့လည်း လည်ပင်းမှ ကြိုးတွေဆွဲထားပြီးသား။ ဒါပေမဲ့ စစ်ကိုင်းတိုင်းကမို့လို့ မလွှတ်ဘူးဆိုပြီး နောက်ဆုံး စစ်ကိုင်းက မလွတ်ဘူး။ ကျန်တဲ့သူတွေအားလုံးလွတ်တယ်။ စစ်ကိုင်းက သွားကြိုတဲ့ သူတွေက သွားကြိုတဲ့အခါကျတော့ သူတို့တွေ့ခဲ့ရတာက ဘူးဝရောက်ပြီးမှ စစ်ကိုင်းကလူတွေမို့ မလွှတ်သေးဘူးဆိုပြီး ပြန်ခေါ်သွားတာ။”
ဦးမောင်မောင်ကိုယ်တိုင်လည်း မန္တလေးထောင်မှာအကျဉ်းကျခဲ့ပြီး မကြာခင်က ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။
၅ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်တဲ့ စစ်ကိုင်းတိုင်းကပြည်သူတွေကို စစ်ကောင်စီက အညှိုးတကြီး ဖိနှိပ်မှုတွေ နေရာအနှံ့မှာရှိနေတယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကိုခန့်က မှတ်ချက်ပြုပါတယ်။
“စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ညှိုးချက်လေ။ စစ်ကိုင်းတိုင်းက လူတွေ ၅ မျဉ်းစောင်းတွေဆိုရင် ထောင်ထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်၊ အချုပ်ထဲမှာပဲဖြစ်ဖြစ် ဖိနှိပ်ခံရတာပဲ။ တော်လှန်ရေးက စစ်ကိုင်းတိုင်းက ဦးမော့နေတာဆိုတော့ စစ်ကိုင်းတိုင်းက လူတွေ ၅ မျဉ်းစောင်း ကိုင်ထားသူ တွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ချိုးနှိမ်တာပါပဲ။”

စစ်ကောင်စီက အကျဉ်းသားတွေကို နောက်ဆုံးလွှတ်ပေးခဲ့တဲ့ မေလ ၃ ရက်နေ့က ထားဝယ်၊ တောင်ငူနဲ့ ညောင်ဦးထောင်တွေမှာ လွတ်တဲ့စာရင်း မှာအမည်ပါပေမယ့် အမှန်တကယ် ပြန်မလွတ်လာသူတွေနဲ့ လွှတ်ပြီးမှ ပြန်လည် ဖမ်းဆီးခံရသူတွေ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
“ထားဝယ်ထောင်မှာဆိုရင် လွှတ်တဲ့စာရင်းထဲမှာပါတယ်။ နှစ်ယောက်ကို နောက်အမှုရှိလို့ဆိုပြီး ထောင်ဗူးဝကနေ ပြန်ခေါ်သွားတယ်။တစ်ယောက် ကိုကျတော့ အိမ်ပြန်ရောက်ပြီး ညကျမှလာပြန်ခေါ်တယ်။ တောင်ငူထောင်ဆိုရင်လည်း တစ်ယောက်ကို အပြင်ဗူးဝရောက်ပြီးမှ စရဖ က ပြန်ခေါ် သွားတယ်။ ညောင်ဦးထောင်မှာဆိုရင်လည်း လွတ်တဲ့စာရင်းထဲမှာပါပြီးတော့ ၁၀ ယောက်က မလွတ်ဘဲ ဗူးဝတောင် မရောက်လိုက်ပါဘူး။ လွတ်တဲ့ စာရင်းထဲမှာပါတယ်။ ဒါပေမယ့် ဒီ ၁၀ ယောက်က မလွတ်ဘူးဆိုပြီးတော့ ပြန်ခေါ်သွားတယ်။ အဲ့ဒါကနေရာတော်တော်များများမှာရှိတယ်။ မန္တလေးမှာ လည်းရှိမယ်။ မန္တလေးက လွတ်တဲ့သူ တော်တော်နည်းတယ်လေ။”
မေလ ၃ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထုတ်ပြန်ပြီးနောက် အင်းစိန်အကျဉ်းထောင်မှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသူ၊ အကျဉ်းသား ရာနဲ့ချီပြီး သာယာဝတီထောင်ကို ပြောင်းရွှေ ခံနေရတယ်လို့ အင်းစိန်ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
AAPP ရဲ့စာရင်းအရ အာဏာသိမ်းပြီးနောက် အခုနှစ် မေလ ၁၁ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရသူ (၂၂၂၀၃) ဦးရှိပြီး ပြန်လွတ် မြောက်ခဲ့သူ (၄၂၈၅) ဦးရှိပါတယ်။