နိုင်ငံရေးအကျဉ်းသား ကိုရဲထွဋ်ခေါင် ဆေးကုသမှုမရ
2010.11.19
ကျန်းမာရေးချို့တဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသားကတော့ ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင် တွံတေးမြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်ဆောင် ကိုရဲထွဋ်ခေါင် ဖြစ်ပါတယ်။
ကိုရဲထွဋ်ခေါင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၁၉ ရက် ဒီကနေ့ မနက် အင်စိန်အကျဉ်းထောင်မှာ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ မမေမျိုးစုက RFA ကို အခုလို ပြောပြပါတယ်။
“ဒီမနက် သွားတွေ့တာလေ၊ အကြောတွေ ဆိုင်းပြီးတော့ ချိပြီးတော့၊ အဲဒါ သူ လမ်းလျှောက်ရတာလည်း သိပ်ပြီးမကောင်းဘူးပေါ့နော်၊ နေလို့လည်း မကောင်းဘူးပေါ့။ ပြီးတော့ ပိန်လည်း ပိန်သွားတယ်၊ အသားတွေလည်း မဲကျုပ်သွားတာပဲ။ သူပေါ့နော် ကျန်းမာရေး မကောင်းဘူးတဲ့။ ပထမ တခေါက်ကလည်း သူအဲလို ချိပြီးတော့ ဆေးရုံ တက်ထားရတယ်တဲ့။ အကြောတွေ ထုံကျင်ပြီးတော့ ကိုက်ခဲတယ်တဲ့။ အဲလိုမျိုးတွေ သူဖြစ်တယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့ ၁၅ ရက် တခါလောက်ဖြစ်ဖြစ် ထောင်ဝင်စာလေး လာတွေ့ပေးစေချင်တယ်ပေါ့နော်။ ဆေးကုသခွင့်တော့ သူပြောထားတာ လုပ်ပေးမယ်ဆိုပြီးတော့တော့ မလုပ်ပေး သေးဘူးပေါ့နော်။ သူ အပြင်မှာဆေးကုသမှု ခံယူချင်တယ်ပေါ့နော်။ သူက အဲလိုမျိုးပြောတယ်။”
သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေကို တင်ပြထားရာမှာတော့ ထောင်အာဏာပိုင်တွေက ပါရဂူဆရာဝန်ကြီး လာကုသပေးမယ် ဆိုပြီး ပြောထားပေမဲ့ အခုအချိန်ထိ မလာသေးဘူးလို့လည်း ဆက်ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ပိုဆိုးလာနေတာဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာ သေသေချာချာ မသိရသေးပေမဲ့ စတင်ဖမ်းဆီးခံရတုန်းက နှိပ်စက် စစ်ဆေးခံခဲ့ရတာတွေနဲ့ ထောင်တွင်းမှာ တိုက်ပိတ်ခံရမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ထောင်တွင်းမှာ ကိုရဲထွဋ်ခေါင်အပြင် ကိုညီညီထွန်းနဲ့ တခြား နိုင်ငံရေးအကျဉ်းသားတချို့လည်း အလားတူ အကြောတွေ ထုံကျဉ် ကိုက်ခဲပြီး လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ ဝေဒနာမျိုး ခံစားနေကြရတယ်လို့ မမေမျိုးစုက ပြောပါတယ်။