မြင်းခြံထောင်က ရိုက်နှက်နှိပ်စက်ခံရတဲ့ အကျဉ်းသား ၁၉ ဦး ထောင်ပြောင်းခံရ
2023.07.03
မန္တလေးတိုင်း မြင်းခြံထောင်မှာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး ဇွန်လ ၃၀ ရက်နေ့က သရက်ထောင်နဲ့ မကွေးထောင်တွေကို ထောင်ပြောင်းရွှေ့ ခံလိုက်ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထောင်ပြောင်းခံရတဲ့ အထဲမှာ မေလ ၂၁ ရက်နေ့ကစလို့ ထောင်တွင်းကနေ မြင်းခြံမြို့ ခမရ (၁၅) တပ် စစ်ကြောရေးစခန်းကို ခေါ်ထုတ်နှိပ်စက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးနဲ့ ထောင်တွင်းနှိပ်စက်ခံရတဲ့ အကျဉ်းသား ခြောက်ဦး ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“မေလ ၃၀ ရက်နေ့ ညသန်းခေါင်နဲ့ မနက်စောစောမှာ ခွဲပြီးခေါ်ထုတ်ပြီး ပြောင်းခံရတယ်လို့ သိရတယ်။ ဘာကြောင့် ထောင်ပြောင်းတယ်ဆိုတာတော့ သေချာမသိရသေးဘူး။ မြင်းခြံထောင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်မှုတွေက ဆက်ရှိနေတယ်”
ထောင်ပြင်ကို ခေါ်ထုတ်နှိပ်စက်ခံရသူတွေထဲက အခုထောင်ပြောင်းခံရတဲ့ ၁၃ ဦးဟာ မေလ ၂၉ ရက်နေ့ကတည်းက ထောင်တွင်းကို ပြန်ပို့ခံရပေမယ့် သူတို့နဲ့အတူ ထောင်ပြင်ခေါ်ထုတ် နှိပ်စက်ခံရတဲ့ ရာဇဝတ်အကျဉ်းသား ကိုတိုးဝေအောင်ဟာ ဒီနေ့ထိ ထောင်ထဲကို ပြန်မရောက်လာဘူးလို့လည်း သူကဆိုပါတယ်။
ဒီနေ့ထိ ထောင်တွင်း ပြန်ရောက်မလာတာကြောင့် စစ်ကြောရေးမှာပဲ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
လက်ရှိ မြင်းခြံအကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ကိုးရာကျော် ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာတော့ မြင်းခြံထောင်၊ ဒိုက်ဦးထောင်နဲ့ သာယာဝတီ ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်စစ်ဆေးလို့ တချို့သေဆုံးခဲ့သလို၊ တချို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၃၀ ရက် စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၉,၂၉၅ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆,၆၂၁ ဦး ထောင်ချခံထားရပါတယ်။