ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုမှာပါဝင်သူ ၁၁ ဦးကို ထောင်ပြောင်း
2024.04.05
ဧရာ၀တီတိုင်း ဖျာပုံအကျဉ်းထောင်က ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တာကြောင့် ရိုက်နှက်ညှဉ်းပန်းခံထားရပြီး ထောင်ဒဏ် ခြောက်လ ထပ်တိုးချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၈ ဦးထဲက ၁၁ ဦးကို ထောင်ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဧပြီလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အခုရက်ပိုင်း ထောင်ပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်နေတဲ့သတင်းတွေကြောင့် ကာယကံရှင်မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"သူတို့ကို ခေါ်သွားတဲ့အချိန်မှာတော့ သာယာဝတီနဲ့ အင်းစိန်ကို ပြောင်းရွှေ့မယ်ဆိုပြီး ပြောဆိုပြီး ခေါ်ယူသွားတာတော့ရှိတယ်၊ ကျွန်တော်တို့ကတော့ အိမ်စီးကားနဲ့ခေါ်သွားတာဖြစ်တဲ့အတွက်၊ ခေါ်တဲ့အချိန်မှာလည်း စစ်တပ်ရော၊ ရဲရောပါတယ်၊ ရဲမှူးအဆင့်ရှိသူပါ ပါတဲ့အတွက် ကျွန်တော်တို့က ပိုပြီးစိုးရိမ်တာပေါ့နော်၊ မိသားစုဝင်တွေကလည်း ကျွန်တော်တို့ထက် ပိုပြီးစိုးရိမ်တာပေါ့၊ ဒီရက်ပိုင်း ခေါ်ထုတ်ပြီး သတ်ဖြတ်ခံနေရတာတွေ ကြားနေရတော့ သူတို့ရဲ့ အမျိုးသားတွေ၊ သူတို့ရဲ့သားသမီးတွေကို ဒီလိုမျိူးဖြစ်မှာကို စိုးရိမ်နေကြတယ်၊"
မတ်လ ၃၁ ရက်နေ့က အမှုရင်ဆိုင်နေရဆဲ အချုပ်သားတစ်ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တာကနေ စလို့ ထောင်တွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် စစ်တပ်နဲ့ ရဲက အကျဉ်းထောင်တွင်း ဝင်ရောကပစ်ခတ်ဖြိုခွင်းတဲ့အဆင့်ထိ ဖြစ်ခဲ့တာပါ။ အဲဒီဖြစ်ရပ်ကြောင့် ၁၈ ဦးဟာ ထောင်တွင်းမှာ အပြင်းအထန် ရိုက်နှက်ခံထားရသလို ထောင်စည်းကမ်း ဥပဒေ -၂၂၄ အရဆိုပြီး ထပ်တိုးပြစ်ဒဏ် ထောင်ခြောက်လစီ ချခံထားရတာပါ။ PPNM ရဲ့ လတ်တလောရထားတဲ့ အချက်အလက်အရ ပြောင်းရွှေ့ခံရတဲ့ ၁၁ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ဦးရဲမျိုးထွဋ်၊ ကိုဗညားအောင်၊ ကိုမင်းမောင်၊ ကိုဝေယံဦး(ခ)ရှည်ကြီးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
မတ်လ ၃၁ ရက်နေ့က ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုမှာ အကျဉ်းသား ရှစ်ဆယ်ကျော်အထိ ရိုက်နှက်စစ်ဆေးခံရပြီး ထပ်တိုးပြစ်ဒဏ်ချမှတ်ခံရသူ ၁၈ ဦးအပါအဝင် လူ နှစ်ဆယ်ခန့်က ဒဏ်ရာပြင်းထန်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
၂၀၂၃ ခုနှစ် ဇွန်လမှာ ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းမယ်ဆိုပြီး ခေါ်ထုတ်ခံခဲ့ရပြီးနောက် ဘယ်ရောက်နေမှန်းမသိရဘဲ ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ယောက်ရှိပြီး အဲဒီထဲမှာ ရှစ်ယောက်က သေဆုံးသွားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။