လွတ်ငြိမ်း ရှစ်ထောင်နီးပါးမှာ နိုင်/ကျဉ်း ၁၄၂ ဦးသာပါဝင်
2023.08.02

RFA က ဒီနေ့နေ့လယ်အထိ ပြုစုထားတဲ့ စာရင်းတွေအရ ဝါဆိုလပြည့်နေ့ ဩဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့တဲ့ အကျဉ်းသား ၇၇၄၉ ဦး ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၄၂ ဦးသာ ပါဝင်ပါတယ်။
မကွေးတိုင်း ဒေါင်းနေထောင်က ၄၂ ဦး၊ ပဲခူးတိုင်း သာယာဝတီထောင်က ၂၉ ဦး၊ ပေါင်းတည်ထောင်က ငါးဦး၊ ပြည်ထောင်က ငါးဦး၊ ဧရာဝတီတိုင်း ပုသိမ်ထောင်က ၁၈ ဦး၊ ဖျာပုံထောင်က နှစ်ဦး၊ စစ်ကိုင်းတိုင်း မုံရွာထောင်က ၁၆ ဦး၊ မန္တလေးတိုင်း မြင်းခြံထောင်က ၁၁ ဦး၊ ဖားကန့်မြို့နယ် မဇွယ်ယန်ထောင်က ၁၁ ဦး၊ ကရင်ပြည်နယ် ဘားအံထောင်က နှစ်ဦး၊ ရှမ်းပြည်နယ် လားရှိုးထောင်က တစ်ဦး စုစုပေါင်း ၁၄၂ ဦးဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီနေ့မနက် ၁၀ နာရီအထိ ရရှိထားတဲ့ စာရင်းအရတော့ လွတ်ငြိမ်းသက်သာထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ရဲ့စာရင်းသာ တွေ့ရသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါဟာ ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်အထိသာ အတည်ပြုနိုင်တဲ့စာရင်းဖြစ်ပြီး အချက်အလက်တွေကို ဆက်လက်ကောက်ခံနေဆဲဖြစ်တယ်လို့ AAPP ကဆိုပါတယ်။
စစ်ကောင်စီက ထုတ်ပြန်တဲ့ လွတ်ငြိမ်းသက်သာခွင့် ၇၇၄၉ ဦးထဲမှာ နိုင်ငံခြားသား ၁၂၅ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေက ၂၂ ဦး၊ EAO တွေနဲ့ဆက်စပ်လို့ အမှုရင်ဆိုင်နေရသူ ၇၁ ဦးပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ မတရား ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ဖမ်းဆီး အကျဉ်းချခံသင့်သူတွေ မဟုတ်ဘူးလို့ AAPP ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း စစ်ကောင်စီဟာ နိုင်/ကျဉ်းတွေကို စိတ်ရင်းစေတနာကောင်းနဲ့ လွှတ်ပေးတာမဟုတ်ဘဲ သံတမန်ရေးရာ အလျှော့အတင်းလုပ်နိုင်ဖို့ လွှတ်ပေးတာလို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
လွတ်ငြိမ်းသက်သာထဲပါလာတဲ့ နိုင်/ကျဉ်းတွေဟာလည်း လွတ်မြောက်ဖို့ လပိုင်းအလိုသာ ကျန်ရှိနေသူတွေ ဖြစ်သလို လွတ်မြောက်လာသူတွေကို စိစစ်အတည်ပြုနိုင်ဖို့ စစ်ကောင်စီဘက်က ပွင့်လင်းမြင်သာမှုရှိရှိ အချက်အလက်တွေ မထုတ်ပြန်ခဲ့ဘူးလို့ AAPP က ဝေဖန်ထားပါတယ်။