မြဝတီမြို့ထိန်းချုပ်ရေး စစ်အစိုးရ သြဇာခံ ကရင် နယ်ခြားစောင့်တပ်ကို လွှဲအပ်

ဗိုလ်မှူးကြီးစောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်မဟာ ၅ တပ်တွေနဲ့ စစ်အစိုးရတပ်တွေ မြဝတီမြို့ပေါ်မှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ၊ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့မှာတော့ အခြေအနေတွေ အတော်အတန် ငြိမ်သက်နေပြီလို့ သိရပါတယ်။

2010.11.10
dkba_colonel_saw_lah_pwe_305_z.png တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅ တပ်မှူး ဖြစ်ပါသည်။ (RFA)
(RFA)

ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ဖက်ကို ထွက်ပြေးလာကြတဲ့ မြဝတီမြို့ခံ စစ်ပြေးဒုက္ခသည်တွေလည်း တစတစနဲ့ မြဝတီဖက်ကို ပြန်နေကြပြီး လူ ၂ ထောင်ကျော် ၃ ထောင်လောက်ကတော့ အခြေအနေကို ဆက်လက်စောင့်ကြည့်ရင်း မဲဆောက်ဖက်မှာပဲ ဆက်ရှိနေကြတယ်လို့ အိမ်မပြန်ရဲသေးတဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ဗိုလ်မှူးချစ်သူ ဦးစီးတဲ့ DKBA တပ်တွေက မြဝတီမြို့ထဲ စစ်ဝတ်စုံ၊ လက်နက်တွေနဲ့ ဝင်ရောက်ခဲ့တာမို့၊ မြဝတီမြို့ခံတွေကြား အထိတ်တလန့် ဖြစ်သွားခဲ့တယ်လို့ မြဝတီမြို့ခံ တဦးက RFAကို ပြောပြပါတယ် ။

ဗိုလ်မှူးကြီးချစ်သူ ဦးစီးတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ မြဝတီမြို့တွင်းကို ဒီကနေ့မနက် ၉ နာရီ လောက်မှာ ဝင်ရောက် ရှင်းလင်းခဲ့ပြီး မြို့ဝတီမြို့တောင်ဖက် ထိုင်း-မြန်မာ နယ်ခြားတလျှောက်ကို ထိန်းချုပ်လိုက်ပြီလို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးချစ်သူတို့ဟာလည်း ယခင် ဒီကေဘီအေအဖွဲ့ဝင်တွေပဲ ဖြစ်ကြပြီး စစ်အစိုးရရဲ့ အလိုကျ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ အုပ်စုဖြစ်ပါတယ်။ မြဝတီမြို့ရဲ့ လက်ရှိ အခြေအနေကို အာဏာပိုင်တွေနဲ့ နီးစပ်သူတဦးက RFA ကို အခုလိုပြောပြပါတယ်။ နိုဝင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားစဉ် မြဝတီမြို့အတွင်း ပျက်စီးမှုတွေနဲ့ လက်ရှိ နောက်ဆုံး အခြေအနေကို မြဝတီမြို့ခံက ပြောပြရာမှာ များသောအားဖြင့်တော့ ပုံမှန်နီးပါး ဖြစ်နေပါပြီလို့ ပြောပါတယ်။

အသေးစိတ် သိရှိနိုင်ဖို့ မြဝတီ ရဲစခန်းနဲ့ မြဝတီဆေးရုံကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ထိုင်းစစ်တပ် သတင်းရပ်ကွက်က ပြောဆိုတာကတော့ မြဝတီမြို့မှာ မနေ့မနက်က တိုက်ပွဲဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးသွားတဲ့ အရပ်သားငါးဦးကို ဆေးရုံကနေ သြင်္ဂိုဟ်ခဲ့တယ်လို့ ပြောပါတယ်။

ဆေးရုံမှာ ဒဏ်ရာရရှိထားသူ လူနာ၂၃ ဦး ရှိနေပြီး သွေးအလှူခံနေတယ်လို့ သိရကြောင်း ပြောပါတယ်။ သူတို့ရရှိ ထားတဲ့သတင်းအရ တိုက်ပွဲဖြစ်စဉ်အတွင်း အိမ်သုံးလေးလုံး လက်နက်ကြီး ထိမှန်ခဲ့ပြီး ဒီကေဘီအေ အဖွဲ့က မဆုတ်ခင် ဓာတ်ဆီဆိုင်ကို မီးရှို့သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြဝတီမြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသံဒိုင်ဆိုသူကို ဆုတ်ခွာသွားတဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့က ဖမ်းသွားတယ်လို့ သတင်းရကြောင်း ထိုင်းစစ်ဖက်သတင်းရပ်ကွက်က ပြောပါတယ်။ ဒီကိစ္စကRFA အနေနဲ့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

မြန်မာအာဏာပိုင်တွေဖက်က မနေ့က နေ့လည်ပိုင်းမှာ ပြန်လာလို့ရပြီ ဆိုပြီး ပြန်သွားကြတဲ့ အထဲက ဒုက္ခသည်တချို့ဟာ မနေ့ကညနေပိုင်းမှာ ထိုင်းဖက်ခြမ်း ပြန်ပြေးလာခဲ့ပါတယ်။ အဲဒီလိုပြန်ပြေးလာတဲ့ ဒုက္ခသည် ၈၀ဝ လောက်ကို ထိုင်းအာဏာပိုင်တွေကဒီကနေ့ မနက်ပိုင်းမှာ မြဝတီဖက်ကို ပြန်ပို့ ခဲ့ပါတယ်။ ဒါပေမဲ့ ရာဂဏန်းရှိတဲ့ ဒုက္ခသည်တွေဟာ ထိုင်းဖက်ခြမ်း တပ်မဟာဂိတ်ဘက်က မြန်မာ ဘုန်းကြီးကျောင်းအပါအဝင် စာသင်ကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်တော်သူတွေထံမှာ ခိုလှုံနေဆဲ ရှိနေသေးကြောင်း သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမိုးကျော် သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်

မြဝတီမြို့အခြေအနေ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ RFA မှ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-12 05:18

no recording file found-404