ရန်ကုန်တိုင်းနှင့် နေရာအနှံ့အပြားမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရ
2010.11.09
ဒါ့အပြင့်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုအရွေးခံတဲ့ လက်ရှိ စစ်အစိုးရဝန်ကြီးတွေအားလုံးနီးပါး အနိုင်ရခဲ့ကြပြီး ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပိုင်စိုး တယောက်ပဲ ရှုံးနိမ့်ခဲ့တယ်လို့ ဦးတင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။
မဲရုံတော်တော်များများမှာ မဲရေတွက်မှုတွေ မပြီးပြတ်သေးပေမဲ့ မန္တလေး၊ ကလေး၊ မြိတ်၊ လောင်းလုံ နဲ့ မြစ်ဝကျွန်းပေါ်ဒေသက မြို့တွေမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
တချို့မဲဆန္ဒနယ်တွေမှာ မဲပြန်ရေတွက်ဖို့ ကန့်ကွက် တောင်းဆိုတာတွေ ရှိကြောင်း ကြားသိရပြီး ရန်ကုန် တောင်ဥက္ကလာပမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ မဲပြန်ရေတွက်ပေးခဲ့တယ်လို့ သိရပါတယ်။ တောင်ဥက္ကလာပ မြို့နယ်မှာ မဲ ပြန်ရေတွက်နေတာကို လာရောက် သတင်းယူခဲ့တဲ့ သစ္စာ သတင်းဂျာနယ်က မကေခိုင်ကျော်နဲ့ မအိမွန်ကျော်တို့ကို မဲရုံတာဝန်ရှိသူတွေနဲ့ ရဲအထူးစုံစမ်း စစ်ဆေးရေးအဖွဲ့တွေက ခေတ္တထိန်းသိမ်း စစ်ဆေးမေးမြန်းပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၁,၁၁၂ ဦးနဲ့ အရေအတွက် အများဆုံး အရွေးခံခဲ့ပါတယ်။ နေရာ ၅၂ နေရာမှာ ယှဉ်ပြိုင်သူ မရှိတာကြောင့် အလိုအလျောက် အနိုင်ရသူတွေ ဖြစ်သွားခဲ့ကြရာမှာ ထိပ်တန်း စစ်အစိုးရဝန်ကြီးတချို့ ပါဝင်ခဲ့ကြပါတယ်။
မန္တလေး အခြေအနေ
မန္တလေးမြို့ပေါ်မှာ မနေ့ အစောပိုင်းက အနိုင်ရခဲ့တယ်လို့ ထင်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု NDF က ကိုယ်စားလှယ်တွေဟာ ကြံ့ခိုင်ဖွံဖြိးရေးပါတီကို ကြိုတင်မဲနဲ့ ရှုံးကုန်ကြတဲ့အတွက် ကော်မရှင်က မကြေညာသေးပေမဲ့ ကြံ့ခိုင်ရေးပါတီက မန္တလေးမှာ အနိုင်ရဖို့ သေချာနေပြီလို့ မြိုံခံ ရွေးကောက်ပွဲ လေ့လာသူတယောက်က ပြောပါတယ်။
လူကိုယ်တိုင် လာပြီး မဲထည့်တဲ့ မဲအရေအတွက်မှာ NDF က အနိုင်ရနေပေမဲ့ ကြိုတင်မဲမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနည်းဆုံး မဲအရေအတွက် ရာကျော်အောင် အသာရတဲ့အတွက် နောက်ဆုံးမှာ NDF က အခြေအနေကောင်းတယ်ဆိုသူတွေ ရှုံးသွားတယ်လို့ ပြောပါတယ်။
ဒါကြောင့် အနိုင်အရှုံး ဆုံးဖြတ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း တချို့က မန္တလေး ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အနိုင်ရသူ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ကိုယ်စားလှယ်တွေထဲမှာ မန္တလေးကုန်စည်ဒိုင် အသင်းဥက္ကဋ္ဌ ဦးကိုကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကျော်မြင့်၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းတို့လည်း ပါဝင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။