မလေးရှားကို မြန်မာလုပ်သားစေလွှတ်မှု စစ်ကောင်စီတားမြစ်
2024.11.24
မလေးရှားနိုင်ငံ၊ ဆာဘားကျွန်းက စိုက်ပျိုးရေးလုပ်ငန်းအတွက်ခေါ်တဲ့ အလုပ်ခေါ်စာ (Demand Letter) တွေကို ခွင့်မပြုဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် အေဂျင်စီအားလုံးထံ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ပေးပို့တားမြစ်လိုက်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက RFA ကို ပြောပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က မြန်မာသံရုံးကိုလည်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဆီ ပို့တဲ့စာထဲမှာတော့ အလုပ်ခေါ်စာအတွက် တားမြစ်ရတဲ့ အကြောင်းပြချက် မပါတဲ့အကြောင်း ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
"အရင်တုန်းကတော့ စေလွှတ်ဖူးပါတယ်။ အခု အလုပ်ခေါ်စာရောက်လာရင်တောင် ခွင့်မပြုရတော့ဘူးဆိုတော့ ကျွန်တော်တို့က လက်ခံလို့ကို မရတော့ဘူးလေ။ ဘာကြောင့်လက်မခံရဘူးဆိုတာတော့ စာထဲမှာတော့ မပါဘူးဗျ"
မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ အဲဒီ ဆာဘားကျွန်းမှာ မြန်မာအလုပ်သမားနည်းပါးပြီး အလုပ်ရှင်အလုပ်သမား ပြဿနာဖြစ်ရင် အလုပ်သမားတွေ နစ်နာမှုဖြစ်လာနိုင်တာကြောင့် တားမြစ်တာလို့ သုံးသပ်ပါတယ်။
ဆာဘားကျွန်းဟာ ကွာလာလမ်ပူမြို့ကနေ လေယာဉ်နဲ့သွားရင် နှစ်နာရီကျော်ကြာသွားရတဲ့ သီးသန့်ကျွန်းတစ်ခုလည်း ဖြစ်နေတယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံက အလုပ်သမားတွေအပါအဝင် နိုင်ငံခြားသားလုပ်သား ခေါ်ယူခွင့်အားလုံးကို မလေးရှားအစိုးရက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကစပြီး အခုအချိန်အထိ ရပ်ဆိုင်းထားပေမဲ့ အရှေ့မလေးရှားဖြစ်တဲ့ ဆာဘားကျွန်းအတွက် နိုင်ငံခြားသားလုပ်သားခေါ်ယူတာကို ခွင့်ပြုပေးတာရှိနေပါတယ်။
မလေးရှားမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို နေ့စဉ်ဖမ်းဆီးနေပြီး ထောင်ဒဏ်ချမှတ်တာတွေ ရှိနေတာကြောင့် တရားမဝင်လမ်းကြောင်းကနေမလာကြဖို့လည်း မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ Myanmar Labor Affairs and Refugee Organization က RFA ကို နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။