TNLA အပေါ် တရုတ်ဖိအားပေးမှု ရန်ကုန်မှာ ဆန့်ကျင်ဆန္ဒပြ
2024.09.04
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပေါ် တရုတ်ရဲ့ဖိအားပေးမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြလှုပ်ရှားမှုကို စက်တင်ဘာ ၄ ရက် မနေ့က ရန်ကုန်အခြေစိုက် ဆန္ဒပြသပိတ်အဖွဲ့တွေက လုပ်ခဲ့တယ်လို့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။
ဆန္ဒပြလှုပ်ရှားတဲ့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ဘယ်တိုင်းရင်းသားကိုဖိဖိ၊ ဘယ်တိုင်းရင်းသားကိုထိထိ၊ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး “ဖိရင်ကြွမယ်၊ ထိရင်ချမယ်” “If we burn, you burn with us”ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ တရုတ်ဆန့်ကျင့်ရေး ဆန္ဒပြလှုပ်ရှားမှုကို လုပ်ကြတာပါ။
ရန်ကုန် တော်လှန်ညီနောင်လေးဖွဲ့ထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Owl Community အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ တရုတ်ရဲ့ TNLA ဆီ ပို့တဲ့ခြိမ်းခြောက်စာအပေါ် ပြည်သူ့ကိုယ်စား သဘောထား တုံ့ပြန်တဲ့အနေနဲ့ ရန်ကုန် တော်လှန်ညီနောင် လေးဖွဲ့ပေါင်းပြီး ဆန္ဒပြလှုပ်ရှားမှု လုပ်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“လက်ရှိတော်လှန်ရေးကြီးက အခုအချိန်ထိ ရောက်လာတယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေနဲ့ရင်းပြီး ချီတက်ခဲ့ကြရတာပါ။ ကျွန်တော်တို့အနာဂတ် ကျွန်တော်တို့ ပိုင်ပါတယ်။ ကျွန်တော်တို့အနာဂတ် ကျွန်တော်တို့ ဖန်တီးနေကြတာပါ။ တရုတ်အစိုးရနဲ့ ပတ်သက်၊ သက်ဆိုင်တဲ့သူတွေကို ဒီဆန္ဒပြလှုပ်ရှားမှုကနေ သိစေချင်တာက လာလာမဖိပါနဲ့၊ အနိုင်မကျင့်ပါနဲ့၊ ပြည်သူတွေကို မကူညီချင်ရင်နေ မနှောင့်ယှက်ပါနဲ့”
ပြည်သူတွေအားလုံးက မတရားတဲ့ အမိန့်အာဏာတွေကို တာဝန်အရ ဖီဆန်နေကြတယ်ဆိုတာ တရုတ်အစိုးရအနေနဲ့ သဘောပေါက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ သြဂုတ် ၂၉ ရက်စွဲနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ အမျိုးသား လုံခြုံရေးကော်မတီက သတိပေးစာပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သြဂုတ် ၃၁ ရက်နေ့ ဖော်ပြချက်မှာတော့ TNLA ကို သတိပေးစာ ပေးပို့မှုအကြောင်း အတည်ပြုထားတာမရှိသလို ငြင်းဆိုထားတာလည်း မရှိပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခ အခြေအနေတွေကို ဆွေးနွေးဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ လုပ်ဆောင်နေပြီး အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
တရုတ်ရဲ့ TNLA အပေါ် ဖိအားပေးမှုဟာ မြန်မာပြည်သူတွေရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်စော်ကားမှုဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ဒီတောင်းဆိုချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။