စစ်အာဏာသိမ်းမှု ရက်တစ်ရာပြည့် ရန်ကုန်မှာ ဆန္ဒပြ၊ တန့်ဆည်မှာ စစ်တပ်က သုံးဦး သေဆုံး

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021-05-11
Share

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က လူထုတင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ဝင် အားလုံး ကိုဖမ်းပြီး အာဏာသိမ်းလိုက်တာ ရက်တစ်ရာပြည့်တဲ့နေ့အဖြစ် ရန်ကုန်မြို့ကနေရာတချို့မှာ လူငယ်တွေ ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကြည့်မြင်တိုင်နဲ့ တောင်ဥက္ကလာနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ ပြုလုပ်ခဲ့တာပါ။ ဒီနေ့ ဆန္ဒပြပွဲတွေဟာ အထိအခိုက်မရှိပဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ မေလ ၁၀ ရက် မနေ့ည ၇ နာရီကျော်လောက်မှာ တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးတဲ့သူ သုံးယောက်နဲ့ ဒဏ်ရာရတဲ့သူ ဆယ်ယောက်လောက်ရှိတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

စစ်တပ်က မနေ့မနက်ပိုင်းမှာ မဟာမြိုင်ရဲဘက်စခန်းကို အကျဉ်းသားတွေသွားပို့ရင်း (ဂဒူးမ) ကံထူးမ စံပြကျေးရွာကမှာရှိတဲ့ သပိတ်ခေါင်းဆောင် တစ်ယောက်နေအိမ်ကို ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေကို ဖျက်ဆီးသွားတာကြောင့် သူတို့အပြန် ကလေးဝမြို့ကို သွားတဲ့လမ်းက မယ်တော်ကြီးကွေ့နားမှာ ဖြစ်ခဲ့တာပါ။

အဲဒီဖြစ်ရပ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ တန့်ဆည်ဒေသခံက RFA ကို ပြောပါတယ်။

တိုက်ပွဲက နာရီဝက်ကျော်ကြာခဲ့ပြီးနောက် စစ်တပ်က တန့်ဆည်မြို့ထဲကိုပြန်တဲ့ လမ်းတစ်လျှောက်က ရွာတွေမှာ သေနတ်ပစ်ဖောက်သွားသလို တန့်ဆည်မြို့ထဲက ရဲစခန်းကိုပြန်ရောက်ပြီးချိန်မှာလည်း သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့၊ မန်စီမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်နေရာနားမှာ မေလ ၁၁ ရက် ဒီနေ့ မနက်လေး နာရီလောက်ကစပြီး စစ်ကောင်စီရဲ့ ရှေ့တန်းတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က နေ့လယ် ၁၂ နာရီအထိ လေကြောင်းကနေပါ လာရောက်ပစ်ခတ်နေတုန်းလို့ မန်စီမြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။

အခုလက်ရှိ တိုက်ပွဲဖြစ်နေတဲ့ မန်စီမြို့နဲ့ ၁၀ မိုင်လောက်အကွာက ရွာတချို့နဲ့ မန်စီမြို့တွင်းက ပြင်ဦးလွင် ရပ်ကွက်ကို KIA က ဘေးလွတ်ရာ တိမ်းရှောင်ခိုင်းထားတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မနက် KIA နဲ့ တိုက်ပွဲဖြစ်ပွားနေတာက မန်စီမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၃၁၉) နဲ့ အမှတ် (၆၀၁) တပ်ရင်းတွေနဲ့ဖြစ်ပြီး အရင်ရက်ညပိုင်းတွေကတည်းက အဲဒီတပ်ရင်းတွေထံကို KIA က လက်နက် ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ စစ်ဘက်ဆိုင်ရာဌာနဘက်ကို RFA က ဆက်သွယ်ခဲ့ရာမှာတော့ မန်စီမှာ တိုက်ပွဲဖြစ်နေတာ မှန်ကန်သလို စစ်ကောင်စီဘက်က လေကြောင်းထိုးစစ်ဆင်တာတွေ ရှိနေ တယ်ဆိုတာကိုတော့ အတည်ပြုပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှု အခြအနေနဲ့ပတ်သက်ပြီး KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကဒီနေ့ ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း မန်စီမြို့မရဲစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ်ရဲမှူး ဟိန်းထက် သေနတ်ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မှာ မေလ ၁၀ ရက်နေ့ မနေ့ည ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လမ်းမပေါ်သေနတ်နဲ့ ပစ်ခက်လိုက်တာကြောင့် လူငယ်တစ်ယောက် သေဆုံးခဲ့ပြီး သုံးယောက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ နမ္မတီးမြို့ခံတစ်ယောက်က ပြောပါတယ်။

မြို့မရပ်ကွက် သိန်းရာဇာစားသောက်ဆိုင်နဲ့ ချယ်ရီခေါက်ဆွဲဆိုင်ကြားက လမ်းမပေါ် ဆိုင်ကယ်စီးလာ သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်နေတာလို့ နမ္မတီးမြို့ခံ တစ်ယောက်က RFA ကို ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာတဲ့ ကိုလဂျူဂျာကွန်းကတော့ သေဆုံးခဲ့ပြီး နောက်ထပ် ဆိုင်ကယ်နဲ့လာသူ သုံးယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုလဂျူဂျာကွန်းရဲ့ အလောင်းလာထုတ်ယူဖို့ မိသားစုကို စစ်ကောင်စီဘက်က အကြောင်း ကြားထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ အာကာသိမ်းစစ်ကောင်စီကို နေရာအနှံ့နီးပါး ပြန်လည်ခုခံ တိုက်ခိုက် နေကြသလို လူငယ်တွေကလည်း မြို့နယ်တိုင်းနီးပါးမှာ ပြောက်ကျားသပိတ်တွေ နေ့စဉ်ဆက်လက် ပြုလုပ် နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့