စစ်ရေးအရှိန်မြှင့်မှာကြောင့် ဘေးကင်းလုံခြုံရေးအစီအမံတွေကို လိုက်နာဖို့ TNLA ဥက္ကဋ္ဌ သတိပေး

RFA Burmese
2025.01.12
စစ်ရေးအရှိန်မြှင့်မှာကြောင့် ဘေးကင်းလုံခြုံရေးအစီအမံတွေကို လိုက်နာဖို့ TNLA ဥက္ကဋ္ဌ သတိပေး ၂ဝ၂၄ ခုနှစ် မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား မြင်ကွင်းတစ်ခု။
Photo: PSLF/TNLA

၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်ရေးအရှိန်မြှင့်သွားမှာဖြစ်တာကြောင့် တိုက်ပွဲတွေအတွင်း ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေကို အထူးလိုက်နာကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက သတိပေးပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

မြေပြန့်ဒေသနဲ့ ဆက်စပ်ဒေသတွေမှာ စစ်ရေးအရှိန်မြှင့်သွားမှာလို့လည်း TNLA ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားပါတယ်။

တအာင်းလူမျိုးအဖိနှိပ်ခံဘဝကနေ တစ်တိုင်းပြည်လုံး ဘုံရန်သူ စစ်အာဏာရှင်တွေရဲ့လက်အောက်ကနေ အလုံးစုံလွတ်မြောက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

၂၀၂၄ ခုနှစ်တွင်း အောင်ပွဲတွေဆင်နိုင်ခဲ့ပြီး တော်လှန်ရေးအောင်မြင်မှုရောင်ခြည်သန်းလာခဲ့သလို ၂၀၂၅ ခုနှစ်မှာလည်း စစ်အာဏာရှင်ဖြိုချနိုင်ဖို့ စည်းလုံးညီညွတ်အားနဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက်ကြိုးပမ်းသွားကြဖို့လည်း ပြောပါတယ်။

နိုင်ငံတွင်းကျန်နေသေးတဲ့ ဘုံရန်သူကို အပြီးတိုင်ဖြိုလှဲသွားရမှာဖြစ်ပြီး လေကြောင်းအန္တရာယ်ကိုလည်း တာဝန်သိသိသတိရှိရှိနေကြဖို့ကိုလည်း အထူးမေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့အကြား တချို့ပဋိပက္ခတွေကို ရေရှည်နိုင်ငံရေးဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရွေးချယ်ပြီး စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းနိုင်ဖို့အတွက် လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့အတူ အိမ်နီးချင်းနိုင်ငံတွေရဲ့ စေ့‌စပ်လှုံ့ဆော်မှုတွေကနေ ပေါ်ပေါက်လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့လည်း အမြဲအဆင်သင့်ရှိနေတယ်လို့လည်း ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်သစ်ပေါ်ပေါက်ရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA ) အနေနဲ့ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီညီဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲတော်လှန်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။