ပုံနှိပ်ထုတ်ဝေသူတွေ ညစ်ညမ်းစာပေတွေကို မဖော်ပြဖို့ ထုတ်ပြန်

2022.04.05
ပုံနှိပ်ထုတ်ဝေသူတွေ ညစ်ညမ်းစာပေတွေကို မဖော်ပြဖို့ ထုတ်ပြန် ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တစ်ချို့အား ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ညစ်ညမ်းစာပေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အပါအဝင် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံသား အခွင့်အရေးတွေကို ထိခိုက်စေတာ၊ နိုင်ငံ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လောင်းကစားနဲ့ မူးယစ်ဆေး စတာတွေကို ပုံနှိပ်ထုတ်ဝေသူတွေက မဖော်ပြရဘူးလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစည်းကမ်းချက် လေးချက်ကို ပုံနှိပ်ထုတ်ဝေသူတွေက လိုက်နာကြဖို့ ဧပြီလ ၄ ရက် မနေ့က စစ်ကောင်စီက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေတဲ့ LGBT စာအုပ်တစ်အုပ်ကြောင့် ခုလိုထုတ်ပြန် လိုက်တာဖြစ်နိုင်ပြီး ဒါက လွတ်လပ်စွာ ရေးသားမှုကို ပိတ်ပင်ရာရောက် နေတယ်လို့ အမည်မဖော်လိုတဲ့ စာဖတ်ပရိသတ် တစ်ယောက်က ဝေဖန်ထောက်ပြပါတယ်။

"သူတို့ပြောထားတဲ့အတိုင်းဆို တရားစာတွေပဲ ထုတ်ရမယ့်ပုံပေါက်နေတယ်။ နိုင်ငံ တကာမှာတော့ ဒီလို စာအုပ်တွေ ထုတ်နေကြတာပဲ။ ဖတ်မယ့်သူတွေကလည်း ၁၈ နှစ်ပြည့်ပြီးသားတွေပဲ။ သူတို့ကို ပိုက်ဆံပေးတဲ့သူတွေပဲ ထုတ်ဝေခွင့်ပြုမယ်ဆိုတဲ့ ပုံစံတွေ လာတော့မှာ။ တခြားစာအုပ်တွေပါ အရင်ခေတ်ကလို စာပေ တင်းကျပ်တဲ့ အခြေအနေ ပြန်ရောက်သွားမှာ"

ဒီမတိုင်ခင်ကလည်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်နေတဲ့ စာရေးဆရာတွေ၊ CDM စာရေးဆရာတွေရဲ့ စာအုပ်တွေကို အရောင်းဆိုင်တွေမှာ ရောင်းချခွင့်မပြုဘဲ တားမြစ် တာတွေရှိနေပါတယ်။

စစ်ကောင်စီကတော့ ခုလိုထုတ်ပြန်ထားတဲ့ အဲဒီအချက်လေးချက်ကို ဖောက်ဖျက်ရင် အရေးယူမယ်လို့ ဆိုထားပါတယ်။

ရန်ကုန်မြို့ ဈေးဝယ်စင်တာတွေက စာအုပ်အရောင်းဆိုင်တွေမှာတော့ စစ်ကောင်စီကနေ ပုဒ်မ-၅၀၅ နဲ့ စွပ်စွဲခံထားရသူတွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံ အားပေးတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေကို လက်ရှိမှာ မတွေ့ရတော့ဘူးလို့ စာဖတ် သူတွေက ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။