ပုလောက စစ်ကောင်စီတပ်ရင်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်

RFA Burmese
2025.01.10
ပုလောက စစ်ကောင်စီတပ်ရင်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ထားစဉ်။
မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

တနင်္သာရီတိုင်း ပုလောမြို့ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ ၁၇ ကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့မနက်မှာ ခလရ ၁၇ ကို မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ခလရ ၁၇ ကိုက နဂိုက တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ကျွန်တော်တို့ အခြားစစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်ဖို့အတွက် တပ်နားကပ်ထားရင်း မမျှော်လင့်ဘဲ တိုက်ပွဲ ဖြစ်သွားတာပါဗျ။ လက်ရှိကတော့ ခလရ ၁၇ ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားနေတာ မရှိပါဘူး"

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ မဟာမိတ်တပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။

ပုလောမြို့နယ် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးပေါ်က ပါဒစက်တော်ရာဘုရားအနီးမှာလည်း ဇန်နဝါရီ ၉ရက်နေ့ကနေ ၁ဝရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဇန်နဝါရီလ ၉ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်တာကြောင့် စက်တော်ရာရွာက အိမ်သုံးလုံးပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ကြဲရွာနဲ့ စက်တော်ရာရွာက အရပ်သားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပုလောမြို့ပေါ်က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဇန်နဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။