ပြင်ဦးလွင်-ရန်ကုန် ကားလက်မှတ်ရဖို့ ခက်ခဲနေ
2024.08.11
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ တိုက်ပွဲသတင်းကြောင့် နေရပ်စွန့်ခွာလာသူတွေ များလာပြီးနောက် ပြင်ဦးလွင်မြို့ကနေ ရန်ကုန်မြို့ကိုသွားမဲ့ အဝေးပြေးယာဥ်လိုင်း ကားလက်မှတ်တွေ ဝယ်ယူရခက်ခဲနေပြီး သြဂုတ်လ ၁၃ ရက်နေ့အထိ လက်မှတ်တွေ မကျန်တော့ဘူးလို့ မြို့ခံတွေနဲ့ အဝေးပြေးယာဥ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့ကနေ ထွက်ခွာမဲ့ခရီးသည်တွေ များနေတာနဲ့ စက်သုံးဆီမရလို့ ယာဥ်လိုင်းတွေမှာ ကားအစီးရေအပြည့် မပြေးဆွဲနိုင်တာကြောင့် အခုလို ခက်ခဲနေတာလို့ ပြင်ဦးလွင် မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြင်ဦးလွင်ကနေ အဆင်းများလို့ လက်မှတ် ကုန်နေတယ်။ နောက်ပြီး ရန်ကုန်ကနေ စက်သုံးဆီ အခက်အခဲတွေရှိလို့ ခရီးစဥ် ပေါင်းလိုက်တာမျိုးတွေပေါ့။ အဲဒီတော့ ခရီးစဥ်တွေ အကုန်လုံးက ပြင်ဦးလွင်-မန္တလေး-ရန်ကုန်ပေါ့။ အဲဒီလို ခရီးစဥ်တွေ ပေါင်းတော့ လက်မှတ်ရဖို့ အခက်အခဲ ရှိနေတာပေါ့”
RFA က ဆက်သွယ်မေးမြန်းတဲ့ ပြင်ဦးလွင်မြို့က အဝေးပြေးယာဥ်လိုင်းနှစ်ခုကလည်း သြဂုတ်လ ၁၃ ရက်နေ့အထိ လက်မှတ်မရတော့ဘူးလို့ ပြောပါတယ်။
အဝေးပြေးယာဥ်လိုင်း အများစုက ယာဉ်စီးခဈေးနှုန်း မတက်ပေမဲ့ ပြင်ဦးလွင်-မန္တလေး ပြေးဆွဲတဲ့ ကားလိုင်းတချို့ကတော့ ယာဥ်စီးခ ပိုပေးရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ပြင်ဦးလွင်မြို့ပေါ်မှာ စက်သုံးဆီ ပြတ်လပ်နေပြီး ဆီဖြည့်ဖို့ ဆိုင်ကယ်နဲ့ ကားတွေလည်း ရာနဲ့ချီ တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ ဆိုပါတယ်။
စစ်တက္ကသိုလ်အခြေစိုက်တဲ့ ပြင်ဦးလွင်မြို့က ခရီသွားတွေ ပုံမှန်စည်းကားနေလေ့ရှိတဲ့ အထင်ကရ နေရာတွေမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေသလို ဈေးဆိုင်ခန်းအများစုလည်း ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့နဲ့ မိုင်လေးဆယ်ကျော်ဝေးတဲ့ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်တိုက်မယ် ဆိုတဲ့သတင်းတွေကြောင့် သြဂုတ် ၇ ရက်နေ့ကနေစပြီး ဝန်ထမ်းမိသားစုတွေနဲ့ မြို့ခံတချို့ မြို့ကို စွန့်ခွာနေ ကြတာပါ။
ပြင်ဦးလွင်မြို့က ကိုယ်ပိုင်ကျောင်းတချို့လည်း ယာယီပိတ်ထားပြီး အဆောင်နေ ကျောင်းသူ၊ ကျောင်းသားတွေကို နေရပ်ပြန်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။