ပွင့်ဖြူမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတွေကို ငွေကောက်ခံနေကြောင်း ဒေသခံတွေပြော
2024.10.12
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ကျေးရွာတွေမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့နေအိမ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေက အိမ်ထောင်စုတစ်စုကို ကျပ်ငါးသောင်းအထိ ကောက်ခံနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့သူ မရှိတဲ့နေအိမ်တွေကိုတော့ တစ်သောင်းကျပ် ကောက်ခံတယ်လို့ ဆိုပါတယ်။
ဒီ့အပြင် ပွင့်ဖြူမြို့နယ်ထဲက ရွာတချို့မှာ စစ်မှုထမ်းဖို့ မဲနှိုက်နေရပြီး ခြောက်လစာအတွက် လူခြောက်ဦးခေါ်မှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်စာ ရောက်လာပြီး မဲပေါက်တဲ့သူတွေကတော့ အိမ်ခြံမြေတွေ ပေါင်နှံရောင်းချကာ ကျပ်သိန်း ခုနစ်ဆယ်အထိ ပေးနေရသလို ငွေကြေး မတတ်နိုင်တဲ့သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ရွာ မှာ စစ်မှုထမ်းဖို့ တစ်လမှာ တစ်ယောက်နှုန်းနဲ့ ခြောက်လစာ၊ ခြောက်ယောက် သွားရမှာ။ အခု နှစ်ကြိမ်လာပြီး ငွေကြေးနဲ့ ဖြေရှင်းကြတယ်။ မတတ်နိုင်တဲ့သူက ရှောင်နေရတယ်။ ပြီးတော့ စစ်မှုထမ်းမှာ အကျုံးဝင်တဲ့ အိမ်တွေဆိုရင် လေးသောင်း၊ ငါးသောင်းဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ကောက်တယ်။ စစ်မှုထမ်းဖို့ အကျုံးမဝင်တဲ့ အိမ်တွေမှာ တစ်သောင်း ကောက်တယ်”
စစ်မှုမထမ်းရရေး၊ ငွေကြေး ပေးနေရတာအပြင် စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ငွေကြေး ကောက်ခံမှုတွေကြောင့် တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားတွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာလည်း စစ်မှုထမ်းတွေကို ငွေကြေး ထောက်ပံ့ဖို့နဲ့ စစ်မှုမထမ်းရရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ငွေကြေးပေးနေရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။