ဖျာပုံနဲ့ ဒေးဒရဲမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၁၂ ဦး ထောင် နှစ်နှစ်ချခံရ
2023.02.02

ဧရာဝတီတိုင်း၊ ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၁၂ ဦးကို စစ်ကောင်စီရဲ့ တရားရုံးတွေကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ထောင်နှစ်နှစ်စီ ချလိုက်တယ်လို့ ဒေသခံ တွေက RFA ကို ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ပြောပါတယ်။
သူတို့ဟာ ရခိုင်ပြည်နယ်ထဲကနေ မလေးရှားနိုင်ငံကိုသွားဖို့ ဧရာဝတီတိုင်းထဲအရောက်မှာ ဖမ်းဆီးခံလိုက်ရသူတွေဖြစ်ပြီး လဝက လတ်တလောပြဌာန်းချက်များအက်ဥပဒေ ပုဒ်မ-၆ (၂) နဲ့ တရားစွဲဆိုခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာအရေး အကူအညီ ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဖျာပုံမှာဖမ်းခံရတဲ့ ရိုဟင်ဂျာအမျိုးသမီးခြောက်ဦးနဲ့ ဒေးဒရဲမှာဖမ်းခံရတဲ့ ရိုဟင်ဂျာ အမျိုးသမီးခြောက်ဦးကို ထောင်နှစ်နှစ်ချလိုက်တာ။ ထောင်မိန့်ချရင် ဖျာပုံထောင်ကို ပို့ရမှာ။ အခုက မပိုသေးဘဲနဲ့ အချုပ် ထဲမှာပဲ ပြန်ထားတယ်။ သူတို့အဖမ်းခံခဲ့ရတာက ၂၀၂၂ ခုနှစ်အတွင်းက အဖမ်းခံခဲ့ရတာ။ အခု ဧရာဝတီတိုင်းမှာ ရိုဟင်ဂျာတွေကို ထောင်မိန့်ချရင် တစ်ခါတည်းပြီးပြတ်အောင် အမိန့်မချဘူး။ အရှေ့က ဖမ်းထား တဲ့သူတွေလည်း ကျန်နေသေးတယ်။ နောက်ထပ်ဖမ်းခံရတဲ့သူတွေလည်း ကျန်နေ သေးတော့ အခုက ရောနေသလိုဖြစ်တာ”
ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်မှာဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါးရှိပေမယ့် အခု အဲဒီအထဲက ၁၂ ဦးကိုပဲ စစ်ကောင်စီ တရားရုံးတွေက ထောင်မိန့်ချလိုက်တာလို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်းထဲ ဖမ်းဆီးခံရပြီး အချုပ်စခန်းတွေထဲက ရိုဟင်ဂျာတွေဟာ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် အပတ်စဉ် ဆေးကုသမှုတွေ လုပ်ပေးနေရတယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ဧရာဝတီတိုင်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ များပြားလာတာကြောင့် သူတို့အတွက် စားသောက်ရေး ကူညီပေးဖို့ အခက်အခဲရှိလာတယ်လို့ ဖမ်းဆီးခံရိုဟင်ဂျာ တွေကို အစားအသောက် ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာတွေနေရပ်စွန့်ခွာလို့ ဖမ်းဆီးခံရတာ ဆက်တိုက်ရှိနေပေမယ့်လည်း နေရပ်စွန့်ခွာ တဲ့အရေအတွက်က လျော့မကျဘဲ တိုးလာနေတာပါ။
ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည်နေထိုင်လာရတာကြောင့် ပညာရေး၊ လူမှုစီးပွားနဲ့ စားဝတ် နေရေးတွေ ကျပ်တည်းလာတာကြောင့် မလေးရှားနိုင်ငံဘက်ကို ထွက်ခွာတဲ့သူတွေ များလာတာလို့ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေက ပြောပါ တယ်။
RFA က သီးသန့်ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ နေရပ် စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၈၅၆ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၄၇၈ ဦးက လဝက ဥပဒေတွေနဲ့ ထောင် နှစ်နှစ်ကနေ ငါးနှစ်အထိ အသီးသီး အမိန့်ချခံထားကြရ ပါတယ်။