ဖျာပုံမြို့နယ်က လူ ငါးဆယ်ကျော် စစ်သင်တန်းတက်ဖို့ ခေါ်သွား

RFA Burmese
2024.04.01
ဖျာပုံမြို့နယ်က လူ ငါးဆယ်ကျော် စစ်သင်တန်းတက်ဖို့ ခေါ်သွား ဖျာပုံမြို့ ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
MOI

ဖျာပုံမြို့ကနေ စစ်မှုထမ်းဖို့အတွက် စာရင်းပါသူ ငါးဆယ်ကျော်ကို မတ်လ ၂၈ ရက်နေ့ကတည်းက ဆေးစစ်မှုတွေ လုပ်ဖို့ဆိုပြီး ပုသိမ်မြို့ကို ခေါ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖျာပုံမြို့နယ်မှာ မတ်လ တတိယအပတ်က စစ်မှုထမ်းဖို့အတွက်ဆိုပြီး ရပ်ကွက်နဲ့ ကျေးရွာတစ်ရွာကို နှစ်ဦးနှုန်း မဲနှိုက်ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ရွေးချယ်ထားသူတွေကို ပုသိမ်မြို့ကို ကားနဲ့ ခေါ်ဆောင်သွားတာလို့ စစ်မှုထမ်းစာရင်းပါ၀င်သူတွေနဲ့ နီးစပ်သူ ဖျာပုံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကားနဲ့ တစ်စီးပဲ။ ကျွန်တော်သိတဲ့ သတင်းအတိအကျဆိုရင် အယောက်ငါးဆယ်ကျော်လောက်ရှိတယ်။ ဖျာပုံမြို့ပေါ်ကချည်းပဲ။ အရင်တုန်းက ပင်လယ်လိုက်တဲ့သူတွေ ရှိတယ်။ အခု ပင်လယ်မလိုက်တော့ဘူး။ လစာ ဘယ်လောက်ရမယ်ဆိုပြီးခေါ်တော့ အဲဒီကောင်တွေက ဝင်သွားတော့ ဒီဘက်က ကျွန်တော်တို့ မြို့ထဲက လူတွေက ဝင်စရာမလိုတော့ဘူး။ နောက်ပြန်ဆုတ်ပြီး ဆိုင်းငံ့တွေ ပြန်ဆုတ်ကုန်တယ်"

ပထမအကြိမ် စစ်မှုထမ်းဖို့ ပါသွားသူတွေထဲမှာ ဖျာပုံမြို့နယ်ထဲက ကျေးရွာတွေမှာနေထိုင်တဲ့ လူငယ်တွေ များတယ်လို့ ဆိုပါတယ်။

မြို့ပေါ်ရပ်ကွက်တွေကတော့ လူအစားထိုးပြီး ထည့်ကြတာကြောင့် တစ်အိမ်ကို နှစ်သောင်းကျပ် ထောက်ပံ့ပေးရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ခေါ်သွားသူတွေကို ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ရှိပြီး လက်ရှိမှာတော့ ပုသိမ်မြို့အားကစားခန်းမမှာ ခေါ်ထားတယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီတိုင်းထဲက စစ်မှုထမ်းစာရင်းပါဝင်သူ တစ်ထောင်ခန့်ကို ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ ဆေးစစ်ဖို့ မတ်လ ၂၈ ရက်နေ့ကပြီး ခေါ်ဆောင်နေတာလို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ပုသိမ်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်အပါအ၀င် မြို့ပေါင်း ၂၁ မြို့နယ်မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အသိပညာပေးစည်းရုံးမှုတွေကို မတ်လ ၁၇ ရက်ကနေ ၂၃ ရက်နေ့အတွင်း ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။