ပြည်မြို့အကျဉ်းထောင်က အကျဉ်းသား ၅၀ နီးပါးပြန်လွတ်
2023.05.03

ပဲခူးတိုင်း၊ ပြည်မြို့အကျဉ်းထောင်ကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ နိုင်ငံရေး အကျဉ်းသား ၄၆ ဦး မေလ ၃ ရက်ဒီနေ့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင် နဲ့နီးစပ်သူတွေက ပြောပါတယ်။
အကျဉ်းသား ၃၄ ဦးနဲ့ အကျဉ်းသူ ၁၂ ဦး ပြန်လွတ်လာတာဖြစ်ပြီး လွတ်မယ့်စာရင်းထဲမှာ ပါပြီးမှ ပြန်မလွတ်တာနဲ့ မလွှတ်ပေးဘဲ ချန်ထားခံရသူတွေလည်းရှိတယ်လို့ အကျဉ်းသား မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“လွတ်ကာနီး ၅၀၅ သီးသန့်တစ်ခုတည်းသမားတွေ လွတ်လာတယ်။ တချို့လည်း လွတ်မယ့်စာရင်းထဲမှာပါပြီးမှ ပြန်ဖျက်ခံရပြီး လွှတ်မပေးတာမျိုးလည်းရှိတယ်”
ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်ကတော့ ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းကျနေသူ သုံးဦးသာ ပြန်လည် လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ မေလ ၃ ရက် ဒီနေ့ မနက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၇,၈၉၇ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ၅၈၃၉ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။