ပြည်ကြီးတံခွန်မြို့က နေအိမ်နှစ်ရာကျော် ကျူးကျော်ဆိုပြီး အင်အားသုံးဖယ်ရှားခံရ

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ညည-၂၅ ရပ်ကွက် ၁၁၅/၁၁၆၊ ၅၈ လမ်းကစပြီး မီးရထားလမ်းဘေး ဝဲ၊ ယာက နေအိမ် အလုံးနှစ်ရာကျော်ကို ကျူးကျော်ဆောက်လုပ်ထား တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်ယန္တရားတွေ အသုံးပြု ဖယ်ရှားဖျက်ဆီးနေတယ်လို့ ဒေသခံ တွေက နိုဝင်ဘာ ၁၅ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
အိမ်တွေကို ဖယ်ရှားတော့မယ်ဆိုတဲ့အကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ အာဏာပိုင်တွေက ကြေညာပြီးနောက် နိုဝင်ဘာ ၁၃ ရက်ကနေ ဒီနေ့အထိ သုံးရက်အတွင်း မှာ နေအိမ်နှစ်ရာကျော်ထိ ရှင်းလင်း ဖျက်ဆီးပြီးသွားပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်ကြီးတံခွန်ရထားသံလမ်းတောင်ဘက် ပေ ၂၀၀ ကနေ ၃၀၀ ကြား အကုန်ပါတယ်။ လက်ရှိ အိမ်နှစ်ရာ ဝန်းကျင်လောက် ဖျက်ပြီးသွားပြီ။ နောက်ထပ် ထပ်ဖျက်ဖို့လည်း ရှိတယ်။ သံလမ်းဘေး ဝဲ၊ ယာ အကုန်ဖျက်မှာ။ အိမ်ကြီးအိမ်ကောင်းတွေလည်း ပါတယ်။ မြေတူးယာဉ်တွေသုံးပြီး ဖျက်တာ။ နေစရာမရှိတဲ့ သူတွေကလည်း ဟိုနားပုန်း ဒီနားပုန်း ပေါ့။ သွားစရာရှိတဲ့သူတွေကလည်းသွား၊ သွားစရာမရှိတဲ့ သူတွေလည်း ဒီအတိုင်း ငုတ်တုတ် ထိုင်နေကြတာပေါ့”
လက်ရှိမှာ နေအိမ်ဖျက်ဆီးခံရပြီး ချက်ပြုတ်စားသောက်ဖို့ ခက်ခဲနေတဲ့ ပြည်သူဦးရေ ငါးရာကျော်အတွက် ရပ်ကွက်အလှူရှင်တွေက ချက်ပြုတ်ကျွေးမွေးနေတယ်လို့ သူက ဆိုပါတယ်။
ဖယ်ရှားခံရတဲ့နေအိမ်တွေထဲမှာ မီးရထားဌာနပိုင်မြေကို ကျူးကျော်တာ၊ လျှပ်စစ်တာဝါတာ တိုင် နယ်နိမိတ်ကို ကျူးကျော်တာနဲ့ ဆည်မြောင်းမြေ နယ်နိမိတ်ကို ကျူးကျော်တာ စတဲ့ အကြောင်းပြချက်တွေနဲ့ ဖျက်ဆီး ဖယ်ရှားခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ နေအိမ်တွေထဲမှာ အခိုင်အမာဆောက်ထားတဲ့ တိုက်အိမ်တွေ၊ လက်ဖက် ရည်ဆိုင်၊ ကား၊ ဆိုင်ကယ် ရေဆေး၊ ဆီထိုးဆိုင်တွေနဲ့ ထရံကာတဲအိမ်တွေလည်း ပါဝင် တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် နေလယ်ပိုင်းအထိ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက် ထဲမှာ ဆောက်လုပ်ထားတဲ့ နေအိမ် ၂၅၃ လုံးကျော်ကို မီးရထားဌာနပိုင်မြေထဲ ကျူးကျော် ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။