အာဏာရပါတီနဲ့ နီးစပ်သူတွေကို မြေယာလုပ်ခွင့် ပေးနေတယ်လို့ ပြင်ဦးလွင်ဒေသခံတွေ စွပ်စွဲ
2021.01.13
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ကျေးရွာအနီးက မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းမှာ စိုက်ပျိုးရေးလုပ်ဖို့ ဒေသခံတွေ လျှောက်ထားပေမယ့် လုပ်ပိုင်ခွင့် မပေးဘဲ အာဏာရပါတီနဲ့ နီးစပ်တဲ့ မန္တလေးမြို့က လုပ်ငန်းရှင်တွေကို မြေနေရာ ချထားပေးခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုနေပါတယ်။ တိုင်းအစိုးရအဖွဲ့ကတော့ ဒေသခံတွေရဲ့ စွပ်စွဲချက်ကို ငြင်းဆိုပြီး ဥပဒေနဲ့ ညီ၊ မညီ စိစစ်ပြီးသာ မြေယာချထားပေးတာလို့ ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ကျေးရွာအနီးမှာ အရင်အစိုးရလက်ထက်က ကော်ဖီစိုက်ပျိုးဖို့ ရွှေဖြူကုမ္ပဏီကို ချပေးထားတဲ့ မြေယာမှာ စိုက်ပျိုးမှုမရှိတာကြောင့် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ မြေဧက ၂၆၅ ဧက ပြန်လည်သိမ်းယူခဲ့ပါတယ်။
အဲဒီ သိမ်းဆည်းမြေယာကို စိုက်ပျိုးရေးလုပ်ကိုင်လိုသူတွေ လျှောက်ထား ရယူနိုင်ကြောင်း အစိုးရက ကြေညာခဲ့ပြီးနောက် ဒေသခံတတချို့က မြေယာလုပ်ကိုင်ခွင့် လျှောက်ထားခဲ့ကြပါတယ်။ အဲဒီလို လျှောက်ထားတဲ့အထဲမှာ မန္တလေးမြို့က လုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။
လျှောက်ထားသူတွေထဲက လုပ်ငန်းရှင် လေးယောက်ကို တစ်ယောက် ဧက ၅၀ နှုန်းနဲ့ စုစုပေါင်း ဧက ၂၀၀ နှစ် ၃၀ လုပ်ကိုင်ခွင့်နဲ့ မန္တလေးတိုင်း မြေစီမံခန့်ခွဲရေး ကော်မတီက ၂၀၂၀ သြဂုတ်လက ခွင့်ပြုလိုက်ပါတယ်။
ဒေသခံတောင်သူတွေဟာ မြေယာရရှိဖို့ လုပ်ငန်းရှင်တွေထက် လေးလနီးပါး စောလျှောက်ခဲ့ပေမယ့် ဒေသခံတောင်သူတွေကို လုပ်ခွင့်ချမပေးဘဲ လုပ်ငန်းရှင်တွေကို ပေးလိုက်တာ မေးစရာဖြစ်နေတယ်လို့ ပင်လိန်အရှေ့ရွာက ကိုနိုင်ဝင်းထွန်းက ပြောပါတယ်။
“တိုင်းရုံးမှာ အောင်နိုင်ရေးအတွက်လုပ်နေတဲ့သူတွေ၊ ဒေါက်တာဇော်မြင့်မောင်တို့နဲ့ နီးစပ်တဲ့သူတွေပေါ့၊ ပုံစံ ၁ လျှောက်ကတည်းက လုပ်ငန်းရှင်တွေထက် စောလျှောက်တယ်။ ဒါပေမဲ့ ကန့်ကွက်လွှာကို လုပ်ငန်းရှင်တွေက လျှောက်တဲ့အချိန်ထက် ၂ လကွာပြီး ကန့်ကွက်လွှာ ခေါ်နိုင်ပြီး ဒေသခံတွေကို တစ်နှစ်ကျော်မှ ကန့်ကွက်လွှာ ခေါ်နိုင်တယ်။ ဒါက ဘာကြောင့်လဲ“
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကတော့ ပါတီအောင်နိုင်ရေး လုပ်ခဲ့သူတွေ လျှောက်တာကို မသိသလို၊ မြေယာချပေးတာလည်း မသိသေးကြောင်းနဲ့ ပါတီအောင်နိုင်ရေးလုပ်သူကို ပေးရမယ်ဆိုတဲ့ မူလည်းမရှိကြောင်း တုံ့ပြန်ပါတယ်။
မြေဧက ၂၆၅ ဧကကို တောင်သူ ၃၀ ကျော်က လျှောက်ထားခဲ့တာဖြစ်ပြီး အဲဒီမြေယာမှာ နှမ်း၊ ပြောင်း စတဲ့ သီးနှံတွေ စိုက်ပျိုးမှာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ သီးနှံ အရောင်းအဝယ်လုပ်ငန်း၊ ပွဲရုံလုပ်ငန်းနဲ့ ဆီစက်လုပ်ငန်းရှင်တွေက မြေယာလုပ်ပိုင်ခွင့် ရရှိခဲ့ပြီး တောင်သူတွေကတော့ မရဘူးလို့ ဆိုပါတယ်။
စတင်လျှောက်ထားတဲ့ အချိန်ကတည်းက တောင်သူတွေမပိုင်ဘူးဆိုလို့သာ လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ လုပ်ပိုင်ခွင့်ရရှိခဲ့သူ တစ်ယောက်ဖြစ်တဲ့ ဆီစက်လုပ်ငန်းရှင် ဦးသန်းလွင်က ပြောပါတယ်။
“ကိုယ့်စီးပွားရေး ကိုယ်ပဲလုပ်တာ၊ မနီးစပ်ဘူး၊ အေးအေးချမ်းချမ်းပဲဖြစ်ချင်တာ၊ ရွာကိုလာတာ ရွာကို ဂုတ်သွေးစုတ်မှာလည်း မဟုတ်ဘူး၊ ကိုယ်တိုင်လည်း စိတ်ချမ်းသာချင်တယ်၊ ရွာသားတွေလည်း စိတ်ချမ်းသာစေချင်တယ်”
ဒီလိုချပေးတာ အဂတိမကင်းဘူးလို့ ယူဆတဲ့အတွက် ဒေသခံ ၄၀ ကျော် စုပေါင်း လက်မှတ်ထိုးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က တိုင်ကြားလိုက်တယ်လို့ ပင်လိန်ရွာက ကိုညီညီနိုင်က ပြောပါတယ်။
“ဒေသခံတွေက အရင်လျှောက်တယ်။ ဒေသခံတွေရဲ့ စာရွက်စာတမ်းတွေကျ ဂျောင်ထိုးထားတယ်။ သူတို့က နောက်မှလျှောက်ပြီး ကန့်ကွက်လွှာအရင်ခေါ်ခံရတယ်။ ကျွန်တော်တို့က ကန့်ကွက်တယ်။ အဲဒီအချိန်ကျမှ ကန့်ကွက်လွှာမှာ ဒေသခံတွေ လျှောက်ပြီးသား ဖြစ်တယ်ဆိုလို့ လုပ်ပေးမယ်ပြောတယ်”
၂၀၁၂ ခုနှစ်က ပြဌာန်းထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေမှာတော့ မြေအသုံးပြုခွင့် ရရှိထားတဲ့သူတွေ လုပ်ငန်းအကောင်အထည် ဖော်ရာမှာ ဒေသခံတောင်သူတွေနဲ့ အငြင်းပွားရင် သက်ဆိုင်ရာဌာနနဲ့ အရင်ညိနှိုင်းရမှာဖြစ်ပြီး ညိနှိုင်းလို့အဆင်မပြေရင် ဥပဒေအရေ အရေးယူခံရမယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် အဲဒီမြေမှာ အရင် စိုက်ပျိုးနေတဲ့တောင်သူရှိရင် ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှုအရ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။
မြေလွတ်မြေရိုင်းက ပြည်သူအားလုံး လျှောက်ခွင့်ရှိတာဖြစ်တယ်၊ အစိုးရနဲ့ နီးစပ်လို့ လုပ်ခွင့်ချပေးတယ်ဆိုတာ မဟုတ်ဘူးလို့ မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ငြင်းပါတယ်။
“မြေယာချထားပေးရေး ကော်မတီအထဲမှာ အစိုးရ နှစ်ဦးပဲ ပါပါတယ်။ ကျန်တာက ဌာနဆိုင်ရာတွေပဲဖြစ်ပါတယ်။ ဥပဒေနဲ့ ညီခြင်း မညီခြင်းမှာပဲ ဆုံးဖြတ်ပါတယ်။ အစိုးရနဲ့ နီးစပ်ခြင်း မနီးစပ်ခြင်း ဆိုတဲ့အပေါ်မှာ မဆုံးဖြတ်ပါဘူး။ လျှောက်ခွင့်ရှိသူ အားလုံးက သူတို့လုပ်ဆောင်ချက်တွေက စီမံချက်တွေက တကယ်လုပ်ဆောင်မယ့် စီမံချက်ဆိုရင် ခွင့်ပြုပါတယ်”
မန္တလေးတိုင်းအတွင်းက မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းစီမံခန့်ခွဲမှုကော်မတီမှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးအရာရှိ၊ သစ်တော၊ ငါးလုပ်ငန်း၊ ပြည်တွင်းအခွန်၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စီမံကိန်းရေးဆွဲရေး၊ ဒေသခံတိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်၊ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြင်ဦးလွင်မြို့ကို ရောက်ရှိခဲ့ချိန်က လူထုတွေ့ဆုံပွဲမှာ မေးခွန်း ၁၈ ခု မေးမြန်းခွင့်ရခဲ့ရာမှာ ၁၁ ခုက မြေယာပြသနာတွေဖြစ်ခဲ့တာကြောင့် မြေယာအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
မြေယာလုပ်ပိုင်ခွင့် အငြင်းပွားနေတဲ့မြေတွေထဲက လုပ်ငန်းရှင်တွေ လုပ်ခွင့်ရထားတဲ့ မြေယာတွေမှာ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။