စစ်ကိုင်းတိုင်းထဲက သာစည်လေးတစ်ရွာလုံးကို ပျူစောထီးတွေ မီးရှို့

2022.04.14
Share on WhatsApp
Share on WhatsApp
စစ်ကိုင်းတိုင်းထဲက သာစည်လေးတစ်ရွာလုံးကို ပျူစောထီးတွေ မီးရှို့ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သာစည်လေးရွာက နေအိမ်တွေ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ဆားတောင်မြို့ထဲက လူဦးရေ ၃၀၀၀ လောက် နေထိုင်တဲ့ သာစည်လေးရွာ ကို ဧပြီလ ၁၃ ရက် မနေ့ည ၈ နာရီလောက်က ပျူစောထီးငါးဦး ဝင်ရောက်မီးရှို့သွားတာ ကြောင့် တစ်ရွာလုံးနီးပါး မီးလောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သာစည်လေးရွာဆိုတာက ထန်းတောစိတ်အုပ်စုပေါ့။ မနေ့က ည ၈ နာရီလောက်မှာ ရွာထဲကို သလဲဘာရွာဘက် ကနေပြီးတော့ ဆိုင်ကယ်နဲ့ ပျူစောထီး ငါးယောက် ဝင်လာတယ်။ ရွာကလည်း အရပ်သားမှတ်ပြီးတော့ လွှတ်ပေးလိုက်ကြတယ်။ အဲဒီဘက်မှာ မီးရှို့ပြီး ပြန်ထွက်သွားမှ ဝင်လာတဲ့ ပျူတွေမှန်း ရွာက သိတာ။ ကျနော်တို့ ဘက်က လိုက်တော့ မမီတော့ဘူး။ မီးကပြင်းတော့ တစ်ရွာလုံးနီးပါးကို ပြောင်သွား တယ်"

ရွာထဲမှာ အိမ်ခြေဘယ်လောက်ရှိလဲဆိုတာ မခန့်မှန်းတတ်ပေမဲ့ လက်ရှိ ဆားတောင်မြို့နယ် ထဲကို ထွက်ပြေးလာရတဲ့ ဒုက္ခသည် ၅၀၀၀ လောက် ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ မနက် ၃ နာရီလောက်ကလည်း တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတစ်ခုက လက်နက်ကြီး ၆၀ မမတွေနဲ့ ငါးချက်လောက်ပစ်ခတ်ပြီး အင်အား အများအပြားနဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီမှာရှိနေတဲ့ PDF တွေနဲ့ အပြန်အလှန်ပစ်ကြတာ။ ဒေသကာကွယ်ရေးတွေဘက်က အကူတွေ အရမ်း များတော့ စစ်တပ်က ခုနစ်ဦးကျတယ်။ အဲဒီနားက သုသာန်မှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်။ သူတို့ဘက်က ပိတ်မိသွားတော့ MI ရဟတ်ယာဉ်နဲ့ လာကူ ပစ်ပေးတော့ သူတို့ ဆုတ်လို့ရသွားတယ်။ အဲဒီနေ့ကလည်း စစ်တပ်က မီးရှို့တာ ရွာက အိမ်ခြေ ၅၀ လောက်ပါတယ်။ အခု ထပ်ရှို့ခံရတော့ အကုန် ကုန်တာပဲ။ ဟိုတစ်ရက်က မလောင်ဘဲ ကျန်ခဲ့တဲ့ အိမ်တွေ အခု အကုန်ပါတာ"

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးဘက်က ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန် ထားတာမျိုး မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ရွာတွေကို မီးရှို့တာမျိုး မလုပ်ဘူးလို့ အမြဲတမ်း ငြင်းဆိုလေ့ ရှိပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဧပြီလ ၁၃ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၅,၆၁၇ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။