တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ တွေ့ဆုံ
2023.05.03

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းနဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ မေလ ၂ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင် CRI သတင်းဌာနက ဖော်ပြထားပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ ဦးသန်းရွှေက မြန်မာနဲ့တရုတ် နှစ်နိုင်ငံဟာ မွေးချင်းပေါက်ဖော် ချစ်ကြည်ရေး အစဉ်အလာအရ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ အောင်မြင်မှုရလဒ်တွေ ပိုမိုရရှိဖို့မျှော်လင့်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာချင်ကန်းကတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အမြဲတမ်းအားထားရတဲ့ အိမ်နီးချင်း၊ မိတ်ဆွေ၊ မိတ်ဖက်နိုင်ငံအဖြစ်ရှိနေတယ်လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မနေ့ကတစ်ရက်တည်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မစ္စတာချင်ကန်းဟာ နေပြည်တော်ကိုရောက်မလာခင် မေလ ၁ ရက်နေ့က မြို့တော် ဘေကျင်းမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကပြဿနာတွေဖြေရှင်းရေးအတွက် ဆွေးနွေးခဲ့ပါတယ်။
နောက်တစ်ရက်မှာတော့ မစ္စတာ ချင်ကန်း နေပြည်တော်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
သူရောက်ရှိနေချိန် မေလ ၂ ရက်နေ့မှာပဲ စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ-၅၀၅-က နဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သလို အကျဉ်းသား ၃၈ ဦးကို သေဒဏ်က ပယ်ဖျက်ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကိုမလာခင် နှစ်ပတ်အကြာ ဧပြီလ ၁၆ ရက်နေ့ ကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးညွှန်ချုပ် Peng Xiubin နေပြည်တော်ကို ရုတ်တရက်ရောက်လာပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Peng Xiubin နဲ့ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ တွေ့ဆုံမှုအပြီးမှာပဲ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့သုံးဦး တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေ နေပြည်တော်ကို မကြာခဏ လာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ အကျပ်အတည်းဆိုက်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ လွှမ်းမိုးခြယ်လှယ်မှုနဲ့ အရေးပါမှုကို ပြသတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။