မြန်မာနိုင်ငံကို လက်နက်စီးဆင်းမှုတားဆီးဖို့ ကမ္ဘာကို QUAD အဖွဲ့တိုက်တွန်း
2024.09.23
မြန်မာနိုင်ငံမှာ အခြေအနေပိုဆိုးဝါးလာတာကို အထူးစိုးရိမ်မြဲ စိုးရိမ်ရပြီး ဂျက်လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်နဲ့ စစ်ဘက်၊ အရပ်ဘက်သုံးပစ္စည်းတွေ စီးဆင်းနေတာတားဆီးဖို့ နိုင်ငံတကာကို အမေရိကန် သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ Wilmington ပူးတွဲကြေညာချက်က ထပ်မံတိုက်တွန်းမေတ္တာရပ်ခံ လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Delaware ပြည်နယ်၊ Wilmington မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ကျင်းပတဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု QUAD အဖွဲ့ဝင် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်တွေ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိတာပါ။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာရေးအခြေအနေတွေ ပိုဆိုးဝါးလာတာကို အထူးစိုးရိမ်မြဲ စိုးရိမ်တယ်လို့လည်း ဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့၊ တရားမဲ့ ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့၊ လူသားချင်းစာနာရေး အကူအညီတွေကို အတားအဆီးမရှိ လုံခြုံစိတ်ချစွာ လိုရာအရောက်ပေးဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အပြုသဘောဆောင် စေ့စပ်ဆွေးနွေးရာကတစ်ဆင့် အဖြေရှာဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့လည်း ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ပဋိပက္ခဆက်ဖြစ်ပွားနေတာနဲ့ မတည်ငြိမ်မှုက ဆိုင်ဘာရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လူကုန်ကူးမှုလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ တိုးလာတာအပါအဝင် ဒေသအတွက် ဆိုးဆိုးဝါးဝါး အကျိုးသက်ရောက်တယ်လို့လည်း ဖော်ပြပါတယ်။ မြန်မာပြည်သူတွေကို ဆက်လက် ထောက်ခံနေတယ်လို့လည်း QUAD အဖွဲ့ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။