ကွမ်းခြံကုန်းမှာ လေဆင်နှာမောင်းတိုက်လို့ နေအိမ်ခုနစ်ဆယ်ကျော် ပျက်စီး

RFA Burmese
2024.07.27
ကွမ်းခြံကုန်းမှာ လေဆင်နှာမောင်းတိုက်လို့ နေအိမ်ခုနစ်ဆယ်ကျော် ပျက်စီး ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်တာကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၇ ရက်နေ့က တွေ့ရစဥ်။
Facebook/Myanmar Fire Services Department

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းရွာနဲ့ ညောင်နီရွာတို့မှာ ဇူလိုင် ၂၆ ရက်နေ့ မနက်အစောပိုင်းက မိုးရွာပြီး လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၆ လုံး ပျက်စီးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေထဲမှာ အိမ်ခြေ ၃၅ လုံးကတော့ နေထိုင်လို့မရအောင် ပြိုလဲသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရဲသူရိန် (စမ်းချောင်း) အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်ခင်း နှစ်နာရီလောက် တိုက်သွားတာ။ နှစ်မိနစ်လောက်ပဲ ကြာလိုက်တာ ပျက်စီးတာ တော်တော်လေးပါသွားတယ်။ လုံးဝပြိုတာကတော့ တစ်ဝက်လောက် သွားကျတာပေါ့။ တချို့ကတော့ အမိုးလန် ဘာလန်ပေါ့”

ဇူလိုင် ၂၇ ရက် ဒီနေ့မှာလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေရတယ်လို့ Medical လူငယ်များအသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေရော၊ ပရဟိတညီအစ်ကို မောင်နှမတွေရော၊ ကြက်ခြေနီ အဖွဲ့အစည်းတွေရော စုပေါင်းပြီးတော့ လိုအပ်တဲ့ရှင်းလင်းရေးတွေ၊ ထောက်ပံ့ရေးတွေ၊ နေရာချထားရေးတွေ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒီနေ့ကတော့ မိုးရော လေရော အရမ်းကြီးနေတာကြောင့် ဖြည်းဖြည်းချင်းပဲ လုပ်နေရပါတယ်”

နေအိမ်တွေ ပြိုလဲပျက်စီးတာတွေကြောင့် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပေမဲ့ မစိုးရိမ်ရဘူးလို့ သူက ပြောပါတယ်။

ပြိုလဲပျက်စီးသွားတဲ့ နေအိမ်တွေအများစုဟာ သွပ်မိုး၊ ပျဥ်ထောင်အိမ်တွေဖြစ်ပြီး လက်ရှိမှာတော့ ဒုက္ခသည်ဦးရေ ၃၅၀ ခန့်အတွက် အစားအသောက်၊ အဝတ်အထည်တွေ အဓိကလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။