ရခိုင်ရိုးမအစပ်က နေအိမ် သုံးရာခန့်ကို စစ်ကောင်စီက ပြောင်းရွှေ့ဖို့ ညွှန်ကြား

RFA Burmese
2024.10.19
ရခိုင်ရိုးမအစပ်က နေအိမ် သုံးရာခန့်ကို စစ်ကောင်စီက ပြောင်းရွှေ့ဖို့ ညွှန်ကြား ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ရှိ ရေနံ့သာ စစ်ဆေးရေးဂိတ်အား ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။
MOI

ရခိုင်ရိုးမအစပ်ဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်က နေအိမ် သုံးရာခန့်ကို နီးစပ်ရာ ရွာတွေမှာ ပြောင်းရွှေ့နေထိုင်ဖို့ စစ်ကောင်စီတပ်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့ပြောပါတယ်။

အဲဒီဒေသခံတွေဟာ ရခိုင်ရိုးမအစပ်မှာ ရွာပုံစံ စုစည်းနေထိုင်ကြသူတွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လာပြီးနောက် အခုလို ရွှေ့ပြောင်းခိုင်းတာလည်း ဖြစ်ပါတယ်။

နေထိုင်သူတွေကို အောက်တိုဘာလ ၂၀ ရက်မတိုင်ခင် အပြီးပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်ဘက်က ပြောထားတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းမြို့နယ်က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်က ရွှေ့ခိုင်းတာ။ မရွှေ့ရင် အဲဒီနေရာတွေ တကယ်လို့ ဗုံးကြဲခဲ့မယ်ဆိုရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဆိုပြီးပြောတယ်။ အဲဒီမှာနေကြသူတွေက တောထဲမှာ သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ်ကြတဲ့သူတွေ။ စုစုပေါင်းဆို လူတစ်ထောင်ကျော်လောက်ရှိတယ်”

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ရိုးမတောအနီးက ရခိုင်ကွင်းအပါအဝင် အိမ်စု နှစ်ဆယ်ဝန်းကျင်က က ဒေသခံတွေဟာ ဂူကြီး၊ ဂူလေး၊ ဓနိ၊ သစ်ကောက် စတဲ့ရွာတွေကိုပြောင်းရွှေ့ရမဲ့အပြင် သာပေါင်းမြို့နယ်ဘက်ကိုလည်း ပြောင်းရွှေ့ရမယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်၊ ရိုးမအစပ်မှာရှိတဲ့ စောပြာ၊ စိမ့်ကြီး စတဲ့ ရွာအသေးနှစ်ဆယ်ဝန်းကျင်ကိုတော့ တောင်စမ်း၊ မြောက်စမ်း စတဲ့ ရွာကြီးတွေကို ပြောင်းရွှေ့ခိုင်းတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဂွ- ငသိုင်းချောင်း ကားလမ်းတစ်လျှောက်က ရွာတွေကို အဓိက ဖယ်ရှားခိုင်းတာဖြစ်ပြီး အဲဒီနေရာတွေမှာ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မဝင်ရောက်နိုင်အောင် စစ်ရေးပြင်ဆင်တာတွေလုပ်ဖို့ စီစဉ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA က အောက်တိုဘာ ၁၉ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေက သစ်တောကြိုးဝိုင်းနဲ့နီးတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာအပြင် စစ်ဆေးရေးဂိတ်တွေပါ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။