ရခိုင်မုန်တိုင်းသင့်ဒေသခံတွေကိုကူညီနေတဲ့ ပရဟိတသမား ကိုဝေဟင်အောင် ဖမ်းဆီးခံရ
2023.05.23
ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးသင့်တဲ့ ဒေသခံတွေကို အကူအညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်ကို မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ကိုဝေဟင်အောင်ဟာ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို ကူညီထောက်ပံ့ဖို့သွားချိန် စစ်တွေမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ကျောက်တန်းစစ်ဆေးရေးဂိတ်အလွန်မှာ ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သူက ပုဏ္ဏားကျွန်းဘက်ကို ကယ်ဆယ်ရေး ပေးဖို့သွားတာပါ။ သူ့သမီးအပါအဝင် ငါးဦးပါသွားတယ်။ အဲဒီဂိတ်ကနေ ဖြတ်သွားတော့ နောက်ကနေကားနဲ့ လိုက်ဖမ်းတာလို့သိရတယ်။ အခုအထိတော့ အဆက်အသွယ်မရသေးဘူး။ ဘာကြောင့် ဖမ်းတာလဲဆိုတာကိုလည်း မသိရသေးဘူး”
စာရေးဆရာ ဝေဟင်အောင်ဟာ ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့ မိုခါမုန်တိုင်းတိုက်ခတ်ပြီးကတည်းက ရသေ့တောင်၊ ပေါက်တော၊ စစ်တွေ စတဲ့ မြို့နယ်တွေနဲ့ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ရွာတွေမှာ ကူညီထောက်ပံ့နေတာဖြစ်ပါတယ်။
မေလ ၂၃ ရက်နေ့မနက်ကလည်း စစ်တွေမြို့နယ် ရွှေမင်းဂံရွာ စာသင်ကျောင်းမှာ ခိုလှုံနေတဲ့ မိသားစု ၁၆ စုအတွက် တစ်မိသားစုကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ အလှူငွေ ကျပ် ၁၆သိန်း ထောက်ပံ့ခဲ့တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
အခုလို စာရေးဆရာ ဝေဟင်အောင်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။