ရခိုင်မှာ တိုက်ပွဲပြန်မဖြစ်ရေး နှစ်ဖက်ညှိနှိုင်းဖို့ ရခိုင့်ဦးဆောင်ပါတီ တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲတွေ မဖြစ်ဖို့နဲ့ လက်ရှိ စစ်ရေးတင်းမာမှုတွေ လျော့ဖို့အတွက် နှစ်ဖက်ညှိနှိုင်းကြဖို့ လိုတယ်လို့ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင် ပါတီက ဇူလိုင်လ ၁၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
စစ်ပွဲတွေ ပြန်မဖြစ်ရေးအတွက် ရခိုင်ပြည်သူတွေ လိုလားနေပြီး နှစ်ဖက်တင်းမာမှုတွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေနဲ့ အပြန်အလှန်ချဉ်းကပ်ကြဖို့ လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိဖြစ်နေတဲ့ အပြန်အလှန် ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ တရားစွဲဆိုမှုတွေ ရပ်တန့်ဖို့ စတာတွေက တင်းမာမှုကို လျော့စေတယ် လို့လည်း ဆိုပါတယ်။
မြောက်ဦးမြို့ခံ တစ်ဦးကလည်း တိုက်ပွဲတွေမရှိတဲ့ အခြေအနေကိုပဲ သဘောကျတယ်လို့ RFA ကို ပြောပါတယ်။
“ရခိုင်တိုင်းရင်းသားအများစုက စစ်ကို မဖြစ်ချင်တာ။ ဒီလို အခြေအနေကိုတောင် သဘောကျတယ်။ စကစ ဘက်ကလည်း စစ်မျက်နှာ မဖွင့်ချင်ဘူးလေ။ လူတွေတော့ အပြန်အလှန် ဖမ်းနေကြတာပဲ။ အခုတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒေါက်တာ အေးမောင်တို့ ပါတီဘက်ကနေ သွားမယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေ တစ်ဆင့်လည်း စကားပြောမယ့် သဘောပါပဲ”
မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေ ရှင်းလင်းတဲ့ကိစ္စကိုလည်း သက်ဆိုင်သူတွေပါဝင်ဖို့နဲ့ အများပြည်သူ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွေကို လုံခြုံရေးဂိတ်တွေနဲ့ မပိတ်ဆို့ ထားဖို့လည်း ရခိုင့်ဦးဆောင်ပါတီက တိုက်တွန်းထားပါတယ်။
ရန်ဘက်အုပ်စုတွေအကြား နိုင်ငံရေး သဘောတူညီချက် တည်ဆောက်နိုင်ရေးဟာ ဖြတ်သန်းရမယ့် လုပ်ငန်းစဉ် အဆင့်တစ်ရပ်ဖြစ်တယ်လို့ ရခိုင့်ဦးဆောင်ပါတီက ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ လေကြောင်း တိုက်ခိုက်ခံခဲ့ရတာကြောင့် သေဆုံးသွားတဲ့ AA တပ်ဖွဲ့ဝင် ခြောက်ဦးအတွက်လည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။