ရခိုင်ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား လေးဦး မကွေးတိုင်းမှာ ဖမ်းမိ

RFA Burmese
2024.04.04
ရခိုင်ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား လေးဦး မကွေးတိုင်းမှာ ဖမ်းမိ ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ အခြေစိုက် ခမရ (၃၄၆) မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။
People's Revolution Alliance

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား လေးဦးကို နယ်မြေချင်းဆက်နေတဲ့ မကွေးတိုင်းအတွင်းမှာ ဧပြီလ ၁ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေဟာ ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ အခြေစိုက် ခမရ (၃၄၆) က ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား သုံးဦး ဖြစ်ပါတယ်။

သူတို့လေးဦးကို အရပ်သားပုံစံနဲ့ မကွေးတိုင်းအတွင်းမှာ ဖမ်းဆီးမိခဲ့တယ်လို့ PRA Magway သတင်းနဲ့ ပြန်ကြားရေးကော်မတီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့လေးယောက်က အမ်းမြို့နယ် နုံးရွာနားမှာဖြစ်တဲ့ တိုက်ပွဲကနေ တပ်ရင်းတစ်ခုလုံး ဝင်စီးခံရတယ်။ ဝင်စီးခံရပြီးတော့ အမ်းမြို့ နပခ ထဲကို ဆုတ်ခွာကြရတယ်ပေါ့။ ထပ်ပြီးတော့ တိုက်မိန့်ပေးတဲ့အချိန်မှာ ငြင်းဆန်ကြတယ်။ သူတို့ကတော့ ရတဲ့နည်းလမ်းနဲ့ ထွက်ပြေးကြတယ်ပေါ့”

ကိုးဦးထွက်ပြေးလာတာဖြစ်ပြီး ငါးဦးကို စစ်ကောင်စီတပ်က ပြန်မိသွားတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကနေ ထွက်ပြေးလာတဲ့ ခရလ (၆၃) လက်အောက်ခံ စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း မကွေးတိုင်းအတွင်းမှာ PRA Magway က ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့လူတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်နေပြီး စစ်သုံ့ပန်း ဥပဒေနဲ့အညီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေပေါ်မူတည်ပြီး အပြစ်ပေးအရေးယူတာ၊ လွှဲပြောင်းတာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွေကို AA က သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။