ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ပြန်ပို့

RFA Burmese
2024.09.29
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ပြန်ပို့ ရခိုင်ပြည်နယ်မှ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ပြန်လည်ပို့ဆောင်စဉ်။
Photo: AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို စက်တင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကနေ စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးလိုက်တာလို့ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံအခြေစိုက် Bangladesh Post သတင်းဌာနက စက်တင်ဘာ ၂၉ ရက်နေ့မှာ ရေးသားဖော်ပြပါတယ်။

အဲဒီလွှဲပြောင်းပွဲကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြန်ပို့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်ပို့မှာကို ကော့ဘဇား ဒုတိယကော်မရှင်နာ Mohammad Salahuddin က Dhaka Tribune သတင်းဌာနကို အတည်ပြု ပြောဆိုထားပါတယ်။

"စစ်ကောင်စီ တပ်ဖွဲ့ဝင် ရှစ်ဦးနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၅ ဦး အပါအဝင် စုစုပေါင်း ၁၂၃ ဦးကို မြန်မာနိုင်ငံကို ပြန်ပို့မှာပါ။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသာတချို့လည်း ပြန်ရောက်လာမှာဖြစ်ပါတယ်"

ပြန်လွှဲပြောင်းတဲ့ ကိစ္စတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံဆောင်ရွက်ကြောင်းလည်း ကော့ဘဇား ဒုတိယကော်မရှင်နာက မီဒီယာတွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား‌ဒေ့ရှ်သံရုံးကတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသား ၈၅ ဦးကို နေရပ်ပြန်နိုင်ဖို့ သံရုံးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

နေရပ်ပြန်မယ့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသားတွေကို ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြန်မာရေတပ်သင်္ဘော UMS Chin Dwin က စက်တင်ဘာ ၂၈ ရက်နေ့မှာ ခေါ်ဆောင်သွားပြီလို့လည်း ပြောထားပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြန်ပို့တာနဲ့ ပတ်သက်လို့တော့ ဘင်္ဂလားဒေ့ရှ်သံရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။