ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်သုံးခုမှာ ရေဘေးကြုံ
2024.08.03
ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေ မြင့်တက်လာပြီး မြို့ပေါ်က မြေအနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ ရွာတချို့ ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက သြဂုတ်လ ၃ ရက် ဒီနေ့မှာ ပြောပါတယ်။
မြောက်ဦးမြို့မှာတော့ အလယ်ဈေး၊ ကြက်ဈေး၊ ဆင်ချဆိပ် စတဲ့ရပ်ကွက်တွေအပါအဝင် အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြောက်ဦးမြို့နယ်မှာ မနေ့ကတည်းက ရေကြီးနေတာ။ မနေ့ကဆိုရင် လေးမြို့မြစ်ဘက်မှာ ပိုဆိုးတာပေါ့။ မြို့ပေါ်မှာတော့ ဒီနေ့မနက်ကစပြီး ရေမြုပ်တာ။ ရပ်ကွက် ဆယ်ခုလောက်ကို ရေဝင်နေပြီ။ တချို့ မြေနိမ့်ပိုင်းအိမ်တွေဆို မြုပ်နေပြီ။ အခုထိ မိုးကလည်း မတိတ်သေးဘူးဆိုတော့ ပိုဆိုးလာမယ် ထင်တယ်”
မင်းပြားမြို့နယ်မှာလည်း လေးမြို့မြစ်ဘေးက ရွာတွေမှာ နေထိုင်သူတွေ ရေလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ရေ ရုတ်တရက် မြင့်တက်လာတာကြောင့် မိုးတွင်းကာလအတွက် သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေလည်း ပျက်စီးသွားပြီး လက်ရှိမှာ အစားအစာနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ရေးဘေးသင့်သူတွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
ကျောက်တော်မြို့နယ်မှာတော့ ညောင်ချောင်း၊ မဟာမုနိ၊ သရက်တစ်ပင်ရွာတွေနဲ့ ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်က ရွာတွေမှာ ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးကြုံနေရတဲ့ ရွာတွေနဲ့ လူဦးရေအရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ရေဘေးကြုံနေရတဲ့ မြို့နယ်တွေဟာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေဖြစ်ပြီး လက်ရှိမှာ AA ရဲ့ အကူအညီပေးရေးအဖွဲ့တွေက ရေးဘေးသင့်သူတွေကို ပြောင်းရွှေ့နေရာချထားရေး ကိစ္စတွေကို လုပ်ဆောင်နေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာလည်း ဇူလိုင် လကုန်ပိုင်းက ရေကြီးရေလျှံဖြစ်လို့ ဒေသခံနှစ်သောင်းကျော် ရေဘေးသင့်ခဲ့ပြီး သောက်သုံးရေကန်တွေ၊ စပါးခင်းတွေနဲ့ အိမ်တချို့ ပျက်စီးသွားခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။