ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေ
2024.10.15
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနီးပါးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းကစလို့ ပြတ်တောက်နေပြီး အောက်တိုဘာ ၁၅ ရက် ဒီနေ့အထိ ပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အနက် ၁၅ မြို့နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောာက်နေပြီး မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်က အစိုးရဌာနဆိုင်ရာရုံးတွေရှိတဲ့နေရာနဲ့ ဧရာဝတီတိုင်းနဲ့ နယ်မြေချင်း ဆက်နေတဲ့ ဂွမြို့နယ်တို့မှာတော့ ဖုန်းလိုင်း အနည်းငယ်မိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာ ကျန်ခဲ့တဲ့ မိသားစုနဲ့ ဆက်သွယ်လို့ မရတော့ဘူးလို့ ရန်ကုန်မှာရှိနေတဲ့ ရခိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုအိမ်ကို ဖုန်းဆက်လို့ မရတော့ စိတ်ပူတယ်။ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော အဖြတ်ခံလိုက်ရတာဆိုတော့ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး။ ဗုံးကြဲတဲ့သတင်းတွေလည်း ကြားနေရတော့ စိတ်ပူတယ်။ ဘာကြောင့် ဖုန်းလိုင်းတွေ ဖြတ်လဲဆိုတာတော့ ကျွန်မတို့လည်း မသိပါဘူး”
ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဘာကြောင့် ပြတ်တောက်နေတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒေသခံတချို့ကတော့ ရခိုင်ပြည်နယ်မှာ လေကြောင်းကနေ ဗုံးကြဲခံရမှု များလာကြောင့် လေကြောင်းအန္တရာယ်ကို ကာကွယ်ဖို့အတွက် အာရက္ခတပ်တော် (AA) က ဖြတ်တောက်တာလို့ ပြောဆိုနေကြသလို တချို့ကတော့ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ရခိုင်ကို ဆက်သွယ်ထားတဲ့ ပင်မဖိုင်ဘာကြိုးတွေ ပြတ်တောက်သွားတာလို့လည်း ပြောဆိုကြပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကိုနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ် အပါအဝင် မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။