AA ထိန်းချုပ်တဲ့ ဂွနဲ့သံတွဲက စစ်ဘေးဒုက္ခသည် သုံးသောင်းခန့် စားနပ်ရိက္ခာခက်ခဲနေ

RFA Burmese
2025.01.20
AA ထိန်းချုပ်တဲ့ ဂွနဲ့သံတွဲက စစ်ဘေးဒုက္ခသည် သုံးသောင်းခန့် စားနပ်ရိက္ခာခက်ခဲနေ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။
Citizen Photo

အာရက္ခတပ်တော် (AA) ထိန်းချုပ်တဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ဟာ လက်ရှိမှာ စားရေးသောက်ရေး အခက်အခဲဖြစ်နေပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက RFA ကို ဇန်နဝါရီလ ၂၁ ရက် ဒီကနေ့ ပြောပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်းမရသလို ဒေသတွင်းအလှူရှင်တွေရဲ့ အကူအညီတွေကလည်း နည်းပါးတာကြောင့် စားနပ်ရိက္ခာ ခက်ခဲနေကြတာလို့ ဆိုပါတယ်။

ဂွနဲ့သံတွဲကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု စိုးရိမ်တာကြောင့် နေရပ်မပြန်နိုင်ကြသေးတာလို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“သံတွဲမှာဆိုရင် ဒုက္ခသည် နှစ်သောင်းလောက် ရှိတယ်။ ဂွမြို့နယ်ဘက်မှာတော့ တစ်သောင်းလောက် ရှိတယ်။ ဒီဘက်မှာတော့ အကူအညီတွေနည်းတယ်။ လူဦးရေကများတယ်။ အဲဒါကြောင့် အတော်လေးကိုခက်ခဲကြတာ။ အခက်အခဲတွေကတော့ အများကြီးပါပဲ။ အဓိကတော့ ဆန်လိုတာပေါ့”

တိုက်ပွဲမရှိတော့ပေမဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရဆဲ ဖြစ်တာကြောင့် ကုန်ပစ္စည်းရှားပါးတာ၊ ဈေးအဆမတန်ကြီးတာအပြင် အလုပ်အကိုင်တွေကလည်း မရှိတာကြောင့် ပိုပြီးခက်ခဲနေကြတာလို့ ဆိုပါတယ်။

အလားတူပဲ ရခိုင်ပြည်နယ်က တခြားမြို့နယ်တွေမှာလည်း လေကြောင်းအန္တရာယ်အပြင် တိုက်ပွဲကြောင့် နေအိမ်မီးလောင်ပျက်စီးပြီး နေရပ်မပြန်နိုင်ကြဘဲ ဒုက္ခသည်စခန်းတွေမှာ နေကြရတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတစ်နှစ်ကျော်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းငါးသောင်းကျော်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ AA က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ နီးစပ်ရာဆွေမျိုးတွေဆီ နေထိုင်ကြရပြီး အခြေခံ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ လုံလောက်တဲ့အရင်းအမြစ်တွေ မရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာအကူအညီပေးမှုနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။