ညောင်ချောင်းဒုက္ခသည်စခန်း ရေကြီးလို့ ဒုက္ခသည်တွေ နေရာရွှေ့ပြောင်းရ
2023.08.06

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ရေကြီးနေတာကြောင့် အဲဒီစခန်းမှာ ခိုလှုံနေသူတွေ အနီးအနားက အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့နေရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကစပြီး ကျောက်တော်မြို့နယ်မှာ မိုးအဆက်မပြတ်ရွာနေတာကြောင့် ချောင်းရေတက်ပြီး စစ်ဘေးဒုက္ခသည်စခန်း ရေကြီးနေတာလို့ ကျောက်တော်မြို့နယ်က လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းက အနိမ့်ပိုင်းကျတယ်လေ၊ အဲ့တော့ မိုးများပြီး ရေကြီးနေတာ အခုက မိုးရွာတာက များနေတော့ သွားလာရခက်ခဲပြီး တိတိကျကျတော့ မသိရသေးဘူး၊ ရေကြီးတော့ တော်တော်ဒုက္ခရောက်ကြတယ်၊ ဒီနေ့ညနေ ၆ နာရီလောက်မှာတော့ မိုးကမရွာတော့ဘူး"
ရေကြီးနေတာကြောင့် ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေထဲက တချို့ဟာ အနီးအနား ကျေးရွာတွေမှာ သွားရောက်ခိုလှုံနေတယ်လို့လည်း ဆိုပါတယ်။ ရေဘေးသင့်သူတွေကို ကူညီပေးနေသူတွေကလည်း နေရာရွှေ့ပြောင်းပေးနေတာကို သူတို့ရဲ့ လူမှုကွန်ရက်မှာ တင်ထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ညကလည်း ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ မိုးသက်လေပြင်း ကျရောက်ခဲ့လို့ လူနေအဆောင် တစ်ဆယ်ကျော်ပျက်စီးခဲ့ရပါတယ်။
ညောင်ချောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေဟာ အခုလို ရေဘေးမကြုံခင်အချိန်ကတည်းက ရိက္ခာအခက်အခဲနဲ့ ကြုံနေရကြောင်း စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ RFA ကို ပြောထားပါတယ်။
အဲ့ဒီညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ တင်းမကြီး၊ တင်းမသစ်၊ မျောက်တောင်၊ သာစည်၊ လောင်းရှည်၊ ပြိုင်းတိုင်း၊ မီးဝ၊ မီးလက်ဝ စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၈၀၀ ကျော်နဲ့ လူဦးရေသုံးထောင်ကျော် ခိုလှုံနေတာဖြစ်ပါတယ်။