ရခိုင်ဒုက္ခသည်စခန်းတွေက လူနေအိမ် ၁၇၀ ခန့် ရေလွှမ်းပျက်စီး

RFA Burmese
2023.08.11
ရခိုင်ဒုက္ခသည်စခန်းတွေက လူနေအိမ် ၁၇၀ ခန့် ရေလွှမ်းပျက်စီး ရေဘေးကြောင့် ပျက်စီးသွားသည့် မြောက်ဦးမြို့ရှိ မြတန်ဆောင်း ဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေလျှံမှုတွေကြောင့် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းသုံးခုက လူနေအိမ် ၁၇၀ လောက် ရေလွှမ်းပျက်စီးသွား တယ်လို့ ဒုက္ခသည်တွေနဲ့ ကူညီပေးနေသူတွေက ဩဂုတ်လ ၁၁ ရက်မှာ  RFA ကို ပြောပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညို ဒုက္ခသည်စခန်းက လူနေအိမ် တစ်ရာကျော်၊ မြတန်ဆောင်း ဒုက္ခသည်စခန်းက လူနေအိမ် လေးဆယ်နဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်း ဒုက္ခသည်စခန်းက လူနေအိမ် နှစ်ဆယ်လောက် ပျက်စီးသွားတာပါ။ 

ဆန်ရိက္ခာတချို့ထောက်ပံ့မှုတွေရပေမယ့် ပျက်စီးသွားတဲ့ အဆောင်တွေကိုတော့ အခုအထိ မပြုပြင်နိုင်သေးဘူးလို့  မြောက်ဦးမြို့နယ် မြတန်ဆောင်း ဒုက္ခသည်စခန်းကို တာဝန်ယူ ထားတဲ့ မြတန်ဆောင်း ဆရာတော်က မိန့်ပါတယ်။

“လုံးဝပြိုလဲသွားတဲ့ အဆောင်က ကိုးဆောင်ရှိတယ်။ ကျန်တဲ့ အဆောင်တွေက တစ်ဝက်ပျက်စီးသွားတာပေါ့။ အခုလောလောဆယ် ဆန် ၁၀ ရက်စာလောက်တော့ ထောက်ပံ့မှုတွေ ရထားပါတယ်။ ဒါပေမဲ့ အဆောင်တွေကို တော့ မပြုပြင်နိုင်သေးဘူး။ အဓိကတော့ အမိုးအကာတွေ၊ သစ်ဝါးတွေ မရှိသေးဘူးပေါ့”

မြတန်ဆောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု သုံးရာလောက်နဲ့ လူဦးရေ တစ်ထောင်ကျော် နေထိုင်တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က စခန်းကို ရေလွှမ်းမိုး သွားတာကြောင့် ဒုက္ခသည်တွေ အားလုံး ဘေးလွတ်ရာကို ယာယီပြောင်းရွှေ့ခဲ့ရပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းမှာလည်း ရေဘေးကြောင့် လူနေ အဆောင် တစ်ရာကျော် ပျက်စီးသွားတယ်လို့ စခန်းတာဝန်ခံ ကိုစိုးနိုင်က RFA ကို ပြောပါ တယ်။ လက်ရှိမှာတော့ ပျက်စီးသွားတဲ့ လူနေအဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ရဲ့  အကူအညီနဲ့ ပြန်လည် ပြုပြင်နေတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ညောင်ချောင်း ဒုက္ခသည်စခန်းမှာတော့ ရေဘေးကြောင့် ဒုက္ခသည်စခန်းက အဆောင် ခြောက်ဆောင်ဟာ နေထိုင်လို့မရတော့တဲ့အထိ ပျက်စီး သွားပြီး ကျန်တဲ့ အဆောင်တွေကတော့ တချို့တစ်ဝက် ပျက်စီးသွားကြတာလို့ စခန်း တာဝန်ခံ ဦးဦးသန်းအေးက ပြောပါတယ်။

ညောင်ချောင်းဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ခြောက်ရာကျော်၊ ဒုက္ခသည် သုံးထောင် နီးပါး ခိုလှုံနေတာပါ။ ရေဘေးကြောင့် ရိက္ခာတချို့နဲ့ အသုံးအဆောင်ပစ္စည်းအချို့လည်း ပျက်စီးသွားပြီး အရေးပေါ်အကူအညီတွေပေးဖို့ လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၄ ရက်နေ့ကစလို့ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းမှု နဲ့တူ မြစ်ရေလျှံမှုတွေကြောင့် ဒေသခံတချို့လည်း ယာယီရွှေ့ပြောင်းခဲ့ရတာတွေ ရှိခဲ့ ပါတယ်။

အဲဒီ ရေကြီးရေလျှံမှုတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက သောက်သုံးရေကန် တစ်ရာလောက် လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။