အရပ်သားတွေကို အကာအကွယ်ပေးဖို့ AA ကို SAC-M တိုက်တွန်း
2024.08.19
ရခိုင်ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်က တာဝန်တွေကို လိုက်နာဆောင်ရွက်ဖို့ အာရက္ခတပ်တော် (AA) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဩဂုတ်လ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ အခြားအရပ်သားတွေကို ပြုမူဆက်ဆံပုံတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို AA က တောင်းဆိုဖို့နဲ့ အဲဒီအဖွဲ့ကို အထောက်အကူပေးပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း SAC-M က အာရက္ခတပ်တော်ကို တိုက်တွန်းထားပါတယ်။
SAC-M ရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မောင်တောမြို့နယ်က ဒေသခံတွေ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘကက်ကို ထွက်ပြေးဖို့ကြိုးစားနေချိန် ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ တိုက်ခိုက်ခံရပြီး လူပေါင်း ၂၀၀ အထိ သေဆုံးခဲ့ရတာကို သိရှိထားရပြီး အသက်ရှင်ကျန်ရစ်သူတွေနဲ့ မျက်မြင်သက်သေတွေရဲ့ သတင်းပေးပို့ချက်အရ AA မှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ထောက်ပြထားပါတယ်။
SAC-M အနေနဲ့တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလောကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘယ်သူမှာတာဝန်ရှိတယ်ဆိုတာကို မဆုံးဖြတ်နိုင်သေးကြောင်းလည်း ပြောထားပါတယ်။
အာရက္ခတပ်တော် (AA) ကတော့ မောင်တောမြို့နယ်က ရိုဟင်ဂျာအများအပြားသေဆုံးခဲ့တာဟာ AA နဲ့ သက်ဆိုင်မှုမရှိကြောင်း ဩဂုတ်လ ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာတရားရုံး (ICJ) က ၂၀၂၀ ပြည့်နှစ်မှာ ချမှတ်ထားတဲ့ စီရင်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုအန္တရာယ်နဲ့ ဆက်လက်ရင်ဆိုင်နေရပြီး ဒေသတွင်း အင်တာနက်ပိတ်ဆိုတာနဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကောင်စီက တင်းကျပ်စွာ ကန့်သတ်ထားတယ်လို့လည်း ထောက်ပြထားပါတယ်။
AA ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ဟာ စစ်ကောင်စီတပ်ကို လုံးလုံးနီးပါး ချေမှုန်းဖယ်ရှားပြီး ဒေသတွင်း အခရာကျတဲ့ စစ်တပ်နဲ့ အုပ်ချုပ်မှုအာဏာပိုင်တွေ ဖြစ်လာတာဟာ ကျေနပ်အားရဖွယ်ဖြစ်တယ်လို့လည်း SAC-M က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ တရားမျှတမှုအဖော်ဆောင်ဖို့နဲ့ ရာဇဝတ်မှုကျူးလွန်သူတွေ အပြစ်ပေးအရေးယူခံရတာကနေ ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မဖြစ်မနေ ပိုမိုလုပ်ဆောင်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။