တိုက်ပွဲဖြစ်နေတဲ့ ရခိုင်မှာ စာသင်ကျောင်းအားလုံးနီးပါး ရပ်နားနေ

RFA Burmese
2023.11.21
တိုက်ပွဲဖြစ်နေတဲ့ ရခိုင်မှာ စာသင်ကျောင်းအားလုံးနီးပါး ရပ်နားနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကျောင်းတစ်ကျောင်းတွင် မိုခါမုန်တိုင်းအပြီး ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ကျောင်းအပ်လက်ခံခဲ့စဉ်။
Photo: RFA

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တရားဝင်ကျောင်းပိတ်တာ မရှိပေမယ့်လည်း လမ်းပိတ်ဆို့မှုနဲ့ စိုးရိမ်မှုတွေကြောင့် ကျောင်းသားတွေမလာကြတော့ဘဲ မြို့ပေါ်နဲ့ နယ်ဘက်တွေမှာရှိတဲ့ စာသင်ကျောင်းတွေ စာသင်ကြားမှု ရပ်နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ စိုးရိမ်ကြောက်လန့်ပြီး ကျောင်းမတက်ကြတဲ့အပြင် ရေလမ်း၊ ကုန်းလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဆရာ၊ ဆရာမတွေပါ ကျောင်းတက်မရ ဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

ဘူးသီးတောင်မြို့နယ်က ကျောင်းသားမိဘလည်းဖြစ်၊ ကျောင်းဆရာမတစ်ဦးလည်းဖြစ်တဲ့ ဆရာမတစ်ဦးက မြို့ပေါ်နဲ့ နယ်ဘက်တွေမှာ စာသင်ကျောင်းတွေ ပုံမှန်ဖွင့်ထားပေမယ့် ကျောင်းသားမိဘတွေက စိုးရိမ်စိတ်ကြောင့် သားသမီးတွေကို ကျောင်းမပို့ကြတော့ဘူးလို့ RFA ကိုပြောပါတယ်။

"မြို့ပေါ်ကကျောင်းတွေလည်း မတက်ကြဘူး။ ကျောင်းတော့ဖွင့်တယ်။ မိဘတွေကတော့ မပို့ကြဘူး၊ စိုးရိမ်လို့လေ။ ကျောင်းက ပိတ်တာမဟုတ်ဘူး။ ဒါပေမဲ့ စိုးရိမ်လို့လေ"

မောင်တောမြို့ပေါ်ကနေ နယ်ဘက်ကို စာသွားပြနေရတဲ့ ကျောင်းဆရာမတစ်ဦးကလည်း စစ်ကောင်စီတပ်က လမ်းပိတ်ထားတာကြောင့် သူတာဝန်ကျရာ နယ်စာသင်ကျောင်းသို့ သွားလို့မရဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

"တရားဝင်ပိတ်ကြောင်း မကြေညာတော့ တက်လို့ရတဲ့ကျောင်းအားလုံး တက်ရတယ်။ သွားလို့လာလို့ အဆင်ပြေတဲ့ ကျောင်းတွေပေါ့။ မြို့အပေါ်ကကျောင်းတွေ တက်ရမယ် ထင်တယ်။ ကိုယ်တို့ဘက်မှာက ဌာနချုပ် (ကျီးကန်းပြင်) ဂိတ် ပိတ်ထားလို့ သွားလို့မရဘူးလေ။ အဲဒီဂိတ်ဖွင့်မှ သွားလို့ရမယ်"

မောင်တောမြို့ပေါ်ကနေ မြောက်ပိုင်းနယ်ဘက်သို့ ဆက်သွယ်ထားတဲ့ ကားလမ်းမကြီး ပေါ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) စစ်ဆေးရေးဂိတ် ပိတ်ထားတာကြောင့် သွားလာလို့ မရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကတော့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေရှိပေမယ့် စာသင်ကျောင်းတွေအားလုံး ပုံမှန်ဖွင့်လှစ်ထားတယ်လို့ RFA ကိုပြောပါတယ်။

"ကျောင်းပိတ်ထားတာမရှိ။ ကျောင်းမတက်မဟုတ်၊ တက်ဖို့ပြောထားတယ်။ မြို့နယ်ပညာရေးမှူးတွေလည်း တချို့ ဆရာမတွေလား သင်တန်းတွေသွားပြီး အခုပြန်ရောက်သွားကြပြီ၊ ကျောင်းတက်ဖို့။ ကျောင်းပိတ်ထားတာတော့ မရှိဘူး"

စစ်တွေမြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေ အားလုံးနီးပါးကတော့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းမတက်ကြတာကြောင့် ပုံမှန်လည်ပတ်တာမတွေ့ရဘူးလို့ ကျောင်းသားမိဘတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်တွေမြို့ပေါ်မှာတောင် တစ်ကျောင်းမှမတက်ကြဘူး။ ကျောင်းသားတွေကလည်း မလာကြဘူး။ မိဘကလည်း မလွှတ်။ ဆရာ၊ ဆရာမတွေကလည်း ဘယ်လိုပြောရမလဲ၊ ဒီကာလ ဟိုပြေးဒီပြေး ပြေးနေကြတာမှာ မတက်ကြဘူးလို့ထင်တယ်။ တက်ရင်လည်း ကျောင်းသားမစုံရင် ဆရာ၊ ဆရာမတွေကလည်း တစ်ရက်လာရင် တစ်ရက်မလာ၊ အဲလိုရှိနေမှာပေါ့။ ဆိုတော့ စစ်တွေမြို့ပေါ်မှာတောင် မတက်ရင် တခြားမြို့တွေမှာ တက်ဖို့က အဝေးကြီး။ ပေါက်တောဆိုရင် လုံးဝမတက်ကြတော့ဘူးလေ။ မြို့နယ်ပညာရေးမှူးရုံးကို မပြောနဲ့ မြို့တောင်ပျက်သွားသလို"

ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်လိုက်ပြီးနောက် မြို့ကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ဘက်စုံအသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေအားလုံး ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။