ရခိုင်မှာ တရုတ်က လေအားလျှပ်စစ် စီမံကိန်းသုံးခု တည်ဆောက်မည်

RFA Burmese
2023.03.03
Share on WhatsApp
Share on WhatsApp
ရခိုင်မှာ တရုတ်က လေအားလျှပ်စစ် စီမံကိန်းသုံးခု တည်ဆောက်မည် နေပြည်တော်ရှိ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့က လေအားလျှပ်စပ်စီမံကိန်း သဘောတူညီမှု လက်မှတ်ထိုးနေသည်ကို တွေ့ရစဉ်။
ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ် အမ်း၊ သံတွဲနဲ့ ဂွမြို့နယ်တွေမှာ ဆောက်လုပ်မယ့် လေအားလျှပ်စစ်စီမံကိန်း သုံးခုကို တရုတ် ကုမ္ပဏီတွေနဲ့ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ မတ်လ ၁ ရက်နေ့က သဘောတူညီမှု စာချုပ်ချုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာမှာ မနေ့က ဖော်ပြပါတယ်။ 
 
လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနဲ့ Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited၊ Yunnan Machinery and Equipment Import and Export Co., Ltd. တို့အကြား ချုပ်ဆိုခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Haiတို့ ဦးဆောင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 
 
အဲဒီစီမံကိန်းမှာ အမ်းမြို့နယ်မှာ ၁၅၀ မဂ္ဂါဝပ်၊ သံတွဲမှာ ၁၁၀ မဂ္ဂါဝပ်နဲ့ ဂွမြို့နယ်မှာ ၁၀၀ မဂ္ဂါဝပ် ပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတယ် လို့လည်း ထုတ်ပြန်ချက်မှာပါရှိ ပါတယ်။ 
 
တရုတ်ဟာ သူတို့နိုင်ငံရေး စီးပွားရေးထွက်ပေါက်ရှိတဲ့ ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ လွှမ်းမိုးအောင် လုပ်နေတာဖြစ်ပြီး တရုတ်ရဲ့စီမံကိန်းတွေဟာ ဒေသခံတွေအတွက် မျှော်လင့်စရာမရှိဘူးလို့ ရခိုင်မှာ တရုတ် စီမံကိန်းတွေအကြောင်း စောင့်ကြည့်နေတဲ့ ကျောက်ဖြူဒေသခံ ကိုထွန်းကြည်က RFA ကိုပြောပါတယ်။ 
 
“တရုတ်ကတော့ ရခိုင်ပြည်နယ်ကနေ အန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို မရ ရအောင်လုပ်မယ်။ အခု စီမံကိန်း လုပ်မယ့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသဆိုရင် သူတို့ရဲ့ စီမံကိန်းတွေက အများကြီးရှိနေပြီ။ ဆိုတော့ တရုတ်ကတော့ သူ့နိုင်ငံရဲ့ စီးပွားရေးထွက်ပေါက်ရှိနေတဲ့ ရခိုင်လိုနေရာကို သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လွှမ်းမိုးအောင် လုပ်နေတာ။ တရုတ်ရဲ့ လက်ရှိစီမံကိန်းတွေရော အခုလာမယ့် စီမံကိန်းတွေရော ဒေသခံတွေ အတွက်ကတော့ ဘာမျှော်လင့်ချက်မှ မရှိပါဘူး”
 
မြန်မာနိုင်ငံမှာ အခုလို မတည်ငြိမ်တဲ့ကာလမှာ စစ်ကောင်စီအနေနဲ့ တရုတ်ရဲ့စီမံကိန်းတွေကို အခုလို လက်ခံနေတာဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အန္တရာယ်များတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ 
 
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်မှာ ဆောင်လုပ်မယ့် လေအားလျှပ်စစ်စီမံကိန်းဟာ ဒေသအကျိုးပြုမယ့် စီမံကိန်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။