နိုင်ငံရေးပါတီ ၁၃ ခု မှတ်ပုံပြန်တင်ကြောင်း စစ်ကောင်စီထုတ်ပြန်
2023.02.27
ဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီးတာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီ ဦးဆောင်တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ၊ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ ဦးဟန်ရွှေဦးဆောင်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အပါအဝင် ပါတီ ၁၃ ခုက မှတ်ပုံတင် ပြန်လျှောက်ထားပြီးပြီလို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်လျှောက်ထားပြီးဖြစ်တဲ့ ပါတီတွေကို တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုရေးအတွက် ရွေးကောက်ပွဲကော်မရှင်က စိစစ်နေတယ်လို့ ပြောပါတယ်။
မှတ်ပုံတင် ပြန်လည်လျှောက်ထားတဲ့ပါတီတွေထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးမယ့်ပါတီ ငါးပါတီနဲ့၊ တိုင်း သို့မဟုတ် ပြည်နယ်အတွင်းစည်းရုံးမယ့် ပါတီ ရှစ်ပါတီ ရှိတယ်လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်အမတ်တွေကတော့… အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို လုံးဝ လက်ခံမှာမဟုတ်သလို နိုင်ငံရေးဂုဏ်သိက္ခာအရ ပါတီကို မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးလို့ RFA ကို ပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ဥပဒေသစ်မှာ… ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မယ်လို့ သတိပေးထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဒီဥပဒေသစ်မှာ တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ပါတီတွေဟာ ပါတီဝင်တစ်သိန်းအထိ စည်းရုံးရမယ့်အပြင် ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်း ဖွင့်ထားဖို့လိုအပ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
တိုင်းနဲ့ပြည်နယ်တစ်ခုထဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ ပါတီဝင်အရေအတွက် တစ်ထောင်နဲ့ ရန်ပုံငွေ ကျပ်သိန်းတစ်ရာ ရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အရင် ဥပဒေမှာ ပါတီဝင်အရေအတွက် ငါးရာ ရှိရမယ်လို့သာ ပြဋ္ဌာန်းထားပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်တဲ့ ပါတီတွေထဲမှာ ဝန်ကြီးချုပ်ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဟာ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဆိုတဲ့အမည်ကို ပြောင်းလဲမှတ်ပုံတင်ထားပါတယ်။