ဆားလင်းကြီးမှာ စစ်ကြောင်းဝင်လာလို့ ရွာငါးရွာက ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

RFA Burmese
2023.06.05
ဆားလင်းကြီးမှာ စစ်ကြောင်းဝင်လာလို့ ရွာငါးရွာက ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှာ စစ်ကောင်စီတပ် ဝင်ရောက် တပ်စွဲနေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်ထောင်လေးများ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာထဲကို စစ်ကောင်စီတပ်သားတွေ ဇွန်လ ၄ ရက်နေ့မှာ ဝင်ရောက်တပ်စွဲခဲ့တာကြောင့် ညောင်ပင်ကြီးအုပ်စုထဲမှာရှိတဲ့ ရွာငါးရွာက ဒေသခံငါးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ အညာဒေသ လူငယ်များအကျိုးပြု အညာပစ်တိုင်ထောင်လေးများအဖွဲ့က ပြောပါတယ်။

အင်အားတစ်ရာကျော်ပါတဲ့စစ်ကြောင်းဟာ မုံရွာဘက်ကနေ ကျော်ဇေယျအမည်ရှိ အရပ်သားသင်္ဘောတစ်စီးကို ချောဆွဲပြီး ညောင်ပင်ကြီးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇွန်လ ၅ ရက် မနက်မှာတော့ တရုတ်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီရှိတဲ့ဘက်ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ဝင်ရောက်လာတာလို့ အမည်မဖော်လိုတဲ့ ဆားလင်းကြီးဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီတပ်တွေက ရွာရဲ့ကားလမ်းဘေးပတ်ချာလည် ဘုန်းကြီးကျောင်းနဲ့ ရွာပတ်ချာလည်နေရာတွေမှာ နေရာယူပြီး တပ်စွဲထားတယ်။ ထွက်ပြေးနေကြတဲ့ ရွာတွေကတော့ ညောင်ပင်ကြီးကျေးရွာအုပ်စု ငါးရွာအပါအဝင် အနီးနားရွာတွေနဲ့ဆို ၁၀ ရွာလောက်ရှိမယ်။ ရွာနာမည်တွေကိုတော့ အသေးစိတ်မမှတ်မိတော့ဘူး။ ညောင်ပင်ကြီးကျေးရွာအုပ်စုလို့ပြောရင်သိကြပါတယ်။ ရွာမှာတိုက်ပွဲလည်းမရှိသလို သေနတ်ဖောက်သံတောင် မရှိလိုက်ပါဘူး။ ဒါပေမဲ့ ရွာထဲကအသုံးဆောင်နဲ့ စားသောက်ကုန်ပစ္စည်းတွေတော့ ယူသွားတယ်"

အညာပစ်တိုင်ထောင်လေးများ အဖွဲ့ဝင်တစ်ဦးကတော့ အခုလို စစ်ကြောင်းထိုး ဝင်ရောက်လာတာဟာ မေလ ၃၁ နေ့​က ဖမ်းဆီးခံလိုက်ရတဲ့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် အသက် ၄၀ အရွယ် ဦးဗန့်ချီကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

"ဦးဗန့်ချီကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဆားလင်းကြီးမြို့နယ်၊ နောင်အိုင်ကြီးရဲစခန်းကနေ မုံရွာမြို့က စစ်ကြောရေးကိုပို့လိုက်တာ။ နမခလား၊ ဘယ်တပ်လဲဆိုတာတော့ အတိအကျမသိရသေးဘူး၊ ရိုက်နှက်စစ်ဆေးခံထားရတယ် လို့တော့ ကြားတယ်။ ဦးဗန့်ချီ စဖမ်းခံရတဲ့နေရာကလည်း ညောင်ပင်ကြီးကျေးရွာ အနီးမှာပဲလေ"

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေကြားပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။