ဆီဆိုင်မှာ နှစ်လအတွင်း ဒုက္ခသည် ၃၀၀၀ ခန့်ထပ်တိုး
2023.01.27

ကယားပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်းကို စစ်ဘေးဒုက္ခသည် ၃၀၀၀ ဝန်းကျင်လောက် ထပ်မံထွက်ပြေး လာတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆီဆိုင်မြို့က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူအချို့က RFA ကို ဇန်နဝါရီ ၂၇ ရက်က ပြောပါတယ်။
ထွက်ပြေးလာသူတွေဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ကုန်းဆွတ်၊ ကျောက်ကြီး၊ ကျောက်ကုန်း အပါအဝင် ကျေးရွာ ခြောက်ရွာလောက်က ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့်ထွက်ပြေးလာကြတာရှိသလို တချို့ကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ဒဏ်ကိုကြောက်လို့ ထွက်ပြေးလာကြတာလို့ ဒုက္ခသည်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့လနဲ့ ဒီလ နှစ်လပေါင်းရင် လူဦးရေက သုံးထောင်လောက်ရှိလာပြီ။ အခု နေရာထိုင်ခင်းအတွက် ကျနော်တို့ ယာယီအဆောက်အအုံ ၁၄၀ လောက်အထိ လုပ်ပေးရမှာ။ အဆောက်အအုံ နေရာထိုင်ခင်းအတွက်ကို အတော်လေးခက်ခဲနေတာ။ နိုင်ငံတကာအဖွဲ့တွေကလည်း အမိုးအတွက်ပဲပေးတာဆိုတော့ ကျန်တဲ့ဟာက ဒေသအတွင်းကသူတွေကပဲ နိုင်သလောက်ကူညီရမယ့် အခြေအနေရှိနေတယ်လို့" ဆီဆိုင်မြို့က ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ ပအိုဝ်းတိုင်းရင်းသားတွေ အများစုဖြစ်ပြီး ရှမ်းနဲ့ ကယန်း တိုင်းရင်းသားတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းကနေ ဆီဆိုင်မြို့ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၅၀၀၀ ဝန်းကျင်လောက်လည်း နေရပ် မပြန်နိုင်သေးတာကြောင့် အခုထပ်တိုးလာသူတွေနဲ့ဆိုရင် ဆီဆိုင်မြို့မှာ ဒုက္ခသည် ၈၀၀၀ ဝန်းကျင်လောက်အထိ ရှိနေပြီဖြစ်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲလအတွင်းက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တချို့က ဆီဆိုင်မြို့က ဒုက္ခသည်တွေကို ဆန်နဲ့ ဆီတွေ ထောက်ပံ့တာရှိခဲ့ပေမယ့် လက်ရှိ တိုးလာတဲ့ဒုက္ခသည် အခြေအနေအရ လုံး၀လုံလောက်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။ ထပ်တိုးလာတဲ့ ဒုက္ခသည်ခြေအနေအရ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနဲ့ အိမ်သာတွေအတွက် လည်း အကူအညီတွေ ပိုလိုအပ်လာတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကိုအကူအညီပေးနေမှု အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အချိန် ၂၃ လတာ ကာလအတွင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည် အရေအတွက် နှစ်သိန်းဝန်းကျင်အထိရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။