ကောလင်း ကုက္ကိုလ်ကုန်းရွာသား ၄၀၀ ကျော် စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးနေရ

RFA Burmese
2023.02.03
Share on WhatsApp
Share on WhatsApp
ကောလင်း ကုက္ကိုလ်ကုန်းရွာသား ၄၀၀ ကျော် စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးနေရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသောကြောင့် ထွက်ပြေးနေကြရသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ ပြည်သူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
Kawlin Revolution-KR

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းရွာဘက်မှာ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး နေရာယူထားတာကြောင့် ဒေသခံ ၄၀၀ ကျော်ဟာ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တွေက RFA ကိုပြောပါတယ်။

ရွာသားအချို့က နေ့ဘက်မှာ ရွာထဲကအခြေအနေတွေကို စောင့်ကြည့်တာတွေရှိပေမယ့် အားလုံးက ကြောက်လန့်မှုတွေကြောင့် တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"တောထဲ၊ တောင်ထဲမှာ အိပ်ရတယ်။ နေ့လယ်ကျတော့ ပြန်ဝင်ပေါ့။ ညဘက်ကျ ပြန်ထွက်အိပ်၊ အဲလိုလုပ်နေရတာ။ တောသူတောင်သားတွေဆိုတော့ နေထိုင် စားသောက်ရေးအတွက်တော့ ခက်ခဲတာပေါ့"

စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွာထဲကိုဝင်ရောက်လာတာ ဖြစ်ပြီး အခုတော့ ရွာအနီးအနားမှာ စခန်းချထားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကုက္ကိုလ်ကုန်းရွာမှာ အိမ်ခြေ ၂၀၀ နီးပါး၊ လူဦးရေ ၄၀၀ ကျော် နေထိုင်ပြီး စစ်ကောင်စီ စစ်ကြောင်း ရွာထဲဝင်လာတာ ဒီတစ်ကြိမ်နဲ့ဆို ရှစ်ကြိမ်မြောက်ဖြစ်ကာ လူနေအိမ် ၉၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ကုက္ကိုလ်ကုန်းရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းသုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် မခိုင်ဇင်နွယ်ဆိုတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ခမရ-၃၆၉ တပ်က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းက ရွာထဲဝင်လာပြီး နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အဲဒီ စစ်ကြောင်းဟာ ကောလင်းမြို့နယ်၊ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေတာကြောင့် ကုက္ကိုလ်ကုန်း၊ ပေပင်ချောင်၊ ညောင်ကုန်း၊ လျှော်ကုန်း၊ ဇီးဖြူကုန်း၊ ဝါးသီးကုန်း၊ ဝက်သဲကုန်း၊ ပေါက်ကုန်း၊ ပေါက်တော၊ တောင်ဘို့လှ၊ သုံးထပ်တင်၊ နှောကုန်း စတဲ့ ရွာ ၁၂ ရွာက ဒေသခံ ၈၀၀၀ ကျော်ဟာ စစ်ဘေး ဒုက္ခသည်တွေအဖြစ် ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။