ဒုက္ခသည်တွေရဲ့အခြေအနေ ဆိုးရွားလာတဲ့အပေါ် ဂျာမနီသံရုံးနဲ့ UNOCHA တွေ့ဆုံဆွေးနွေး

RFA Burmese
2023.12.19
ဒုက္ခသည်တွေရဲ့အခြေအနေ ဆိုးရွားလာတဲ့အပေါ် ဂျာမနီသံရုံးနဲ့ UNOCHA တွေ့ဆုံဆွေးနွေး စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သူတွေရဲ့ အခြေအနေ ပိုမိုဆိုးရွားလာတဲ့အပေါ် ဂျာမနီသံရုံးနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ အကူအညီလိုအပ်မှုတွေ မြင့်တက်နေသလို မြန်မာစစ်တပ်ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် တုံ့ပြန်မှုကြောင့်လည်း နေရပ်စွန့်ခွာရသူ ပိုများလာပြီး အခြေအနေတွေ ပိုဆိုးရွားလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျာမနီသံရုံးအကြီးအကဲ Theo Kidess နဲ့ (UNOCHA) အကြီးအကဲ Sajjad Mohammad Sajid တို့ တွေ့ဆုံဆွေးနွေးပြီး အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံတစ်ဝန်းက လိုအပ်နေသူတွေထံ အကူအညီပေးဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ဖုန်းခေါ်ဆိုခဲ့ပေမဲ့ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကတော့ နေရပ်စွန့်ခွာသူတွေအတွက် လိုအပ်တဲ့အကူအညီ ပံ့ပိုးမှုတွေကို ဆောင်ရွက်ပေးနေကြောင်း စစ်ကောင်စီပိုင် မီဒီယာတွေမှာ ဒီနေ့ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိလည်း အိမ်ထောင်စု ခြောက်ထောင်ကျော်က လူဦးရေ နှစ်သောင်းခွဲနီးပါးကို ပြန်လည်နေရာချထားပြီး ဖြစ်ကြောင်းလည်း အဲဒီကော်မတီက ပြောထားပါတယ်။

စစ်ရေးပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ ၂.၆ သန်းကျော်ရှိလာပြီလို့ UNOCHA ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။