စစ်ကြောင်းထိုးလို့ ကန့်ဘလူမြို့နယ်က ဒေသခံ သုံးသောင်းဝန်းကျင် ထွက်ပြေးရ
2024.02.04
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အင်အား နှစ်ရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေလို့ ဒေသခံသုံးသောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်မှာ အဲဒီစစ်ကြောင်းဟာ သပြေသာရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ အရိုးကုန်း၊ ဘိုတဲကုန်း၊ ရွှေညောင်ပင်၊ မင်းကုန်း၊ ပေလည်၊ မဲသည်၊ ထိန်တော၊ ကျွန်းပင်ကုန်း၊ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ ယော၊ အင်းလယ်ကြီး၊ ရဲဒွေး၊ ငါးရနဲ၊ သရက်ခေါင်း၊ ဖလံချိုင်၊ ကိုးမြို့ စတဲ့ ရွာပေါင်း သုံးဆယ်ကျော်က ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ဒေသခံအများစုဟာ တောင်ယာတွေနဲ့ စစ်ကြောင်းလွတ်ကင်းရာနေရာတွေမှာ တိမ်းရှောင်နေရတယ်လို့ ထွက်ပြေးနေရတဲ့ အရိုးကုန်းရွာဒေသခံတစ်ဦးက RFAကို ပြောပါတယ်။
"စစ်ကြောင်းက တစ်ရွာတည်းကို ထိုးနေတာမဟုတ်ဘူးဗျ။ ရွာစဉ်လိုက်ကို ဟိုကိုထိုးလိုက်၊ ဒီကိုထိုးလိုက်နဲ့။ ထိုးသမျှ ရွာတိုင်းလည်း မီးတင်ရှို့တယ်။ သပြေသာဆိုလည်း ဒီမနက်ကိုးနာရီလောက်ကတည်းက ရှို့တာ အခုထိ မီးမငြိမ်းသေးဘူး။ အိမ်ခြေတော်တော်များများ ပါမယ့်သဘောရှိတယ်"
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား ၂.၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။