နယ်မြေရှင်းလင်းရေးကြောင့် ကန့်ဘလူ ဒေသခံနှစ်သောင်းကျော်ထွက်ပြေးရ

RFA Burmese
2023.05.17
နယ်မြေရှင်းလင်းရေးကြောင့် ကန့်ဘလူ ဒေသခံနှစ်သောင်းကျော်ထွက်ပြေးရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တောင်ဘက်ခြမ်းက ရွာတွေကို မေလ ၁၇ ရက် မနက်ကစလို့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ကျေးရွာ ၂၀ ဝန်းကျင်က အရပ်သားနှစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခအုံးတာ၊ အင်းလယ်ကြီး၊ ကျီးပင်အက်၊ သရက်တာ၊ အင်္ဂါဒေါင့်၊ ကိုင်ရိုး၊ ထိန်တော၊ ရွာမ၊ ရွာသစ်ကုန်း၊ ရီဒွေး၊ မဲသည်၊ ရှမ်းတပ်၊ တောင့်တဲကုန်း၊သရက်ခေါင်း၊ ဖလုံချိုင်၊ ပေလည်ကျေးရွာတွေအပါအဝင် ရွာ ၁၀ ရွာနီးပါးက အရပ်သားတွေ ထွက်ပြေးနေရတာပါ။

ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းလေးကြောင်းခွဲပြီး စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အရင်နေ့တွေတုန်းက ခမရ (၃၆၁)က ဒီဘက်တွေမှာ ဝင်လိုက်ထွက်လိုက် လုပ်နေတာပေါ့။ အခုကျတော့ အကုန်ပိတ်ပြီး စုပြုံပိတ်ထိုးသလိုထိုးလိုက်တာဆိုတော့ အကုန်ထွက်ပြေးရတယ်"

စစ်ကောင်စီရဲ့ ခမရ (၃၆၁)၊ ခမရ (၃၆၈)၊ (၆၀၀၆) တင့်ကားတပ်၊ ပျူစောထီးတွေပါဝင်တဲ့ စစ်ကြောင်းတွေနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတာလို့ သူကပြောပါတယ်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သား ခုနစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။