တရုတ်နယ်စပ်မျဉ်းနားက သောင်းနဲ့ချီတဲ့ဒုက္ခသည်တွေကို နေရာရွှေ့ဖို့ MNDAA ပြင်ဆင်

RFA Burmese
2023.12.20
တရုတ်နယ်စပ်မျဉ်းနားက သောင်းနဲ့ချီတဲ့ဒုက္ခသည်တွေကို နေရာရွှေ့ဖို့ MNDAA ပြင်ဆင် ကိုးကန့်ဒေသ လောက်ကိုင်နဲ့ တရုတ်နိုင်ငံနယ်စပ်မျဉ်း BP - 125 နယ်စပ်မျဉ်းအနီးရှိ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
The Kokang

ကိုးကန့်ဒေသ လောက်ကိုင်နဲ့ တရုတ်နိုင်ငံနယ်စပ်မျဉ်း BP - 125 မှာရှိတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းမယ်လို့ ကိုးကန့်အဖွဲ့ (MNDAA) က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

MNDAA ရဲ့ ကိုးကန့်ခရိုင် အထွေထွေအတွင်းရေးမှူး မစ္စတာကျိုးနဲ့ နိုင်ငံရေးဌာနမှူး မစ္စတာချာ ဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဒုက္ခသည်တွေနဲ့တွေ့ဆုံချိန် မစ္စတာကျိုးက အခုလိုပြောခဲ့ကြောင်း MNDAA ပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

"BP 125 နေရာဟာ တိုက်ပွဲအတွက် အလွန်အန္တရာယ်များပြီး စစ်ကောင်စီက အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့နေရာဖြစ်သလို လူများတဲ့အတွက် အချိန်ကြာရင် ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေလည်း ရှိလာနိုင်တာကြောင့် ဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းဖို့ ရည်ရွယ်တာ"

အဲဒီအဖွဲ့ဟာ ဒုက္ခသည်တွေနဲ့တွေ့ဆုံချိန် ဆန်နဲ့ စားစရာတွေကိုပါ ဝေငှခဲ့တယ်လို့လည်း ဆိုပါတယ်။

MNDAA အနေနဲ့ တိုက်ပွဲအတွင်း ဒုက္ခသည်ရွှေ့ပြောင်းရေးကိစ္စကို အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ပြီး ဗမာလူမျိုးတွေ အပါအဝင် လူဦးရေတစ်သိန်းကျော်ကို အောက်မြန်မာပြည်ဘက်ကို ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ပွဲတွေစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နောက်ပိုင်းကစပြီး BP - 125 နယ်စပ်မျဉ်းနားမှာ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့ကလည်း ဒုက္ခသည်စခန်းတစ်ခု ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့အထိ အဲဒီဒုက္ခသည်စခန်းမှာ လူဦးရေ သုံးသောင်းကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့က ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြောဆိုထားပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကိုးကန့်ဒေသဦးစီးအဖွဲ့ဘက်က သတင်းတွေထပ်မံထုတ်ပြန်တာ မတွေ့ရတော့ပါဘူး။

အဲဒီဒုက္ခသည်စခန်းဟာ ဒီဇင်ဘာလ ၁၀ ရက်နောက်ပိုင်းကစပြီး MNDAA တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

MNDAA ကတော့ BP - 125 ကို သူတို့ထိန်ချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကို တာဝန်ယူမှာဖြစ်သလို ဒုစရိုက်မှုကျူးလွန်သူတွေကိုလည်း နှိမ်နင်းမယ်လို့ ဆိုထားပါတယ်။

ဒုက္ခသည်တွေကို ဘယ်နေရာကို ရွှေ့ပြောင်းမယ်မလဲဆိုတာ အသေးစိတ်သိနိုင်ဖို့ MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဒီဇင်ဘာလ ၁၀ ရက်ကစတင်ပြီး တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ လောက်ကိုင်မြို့နယ် လောက်ရှမ့်ထန်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ MNDAA တပ်ဖွဲ့က ဒီဇင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေး နှစ်လနီးပါးကြာမြင့်ချိန်မှာ ကိုးကန့်တပ်ဖွဲ့အနေနဲ့ ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ ဖောင်းဆိုင်မြို့တွေကို သိမ်းပိုက်ထားပြီး အဲဒီမြို့တွေမှာ အုပ်ချုပ်စနစ် စတင်ဆောင်ရွက်နေတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။