မော်လိုက်မှာ လက်နက်ကြီးကြောင့် ဒေသခံ သုံးထောင်ကျော်ထွက်ပြေး

RFA Burmese
2023.08.30
မော်လိုက်မှာ လက်နက်ကြီးကြောင့် ဒေသခံ သုံးထောင်ကျော်ထွက်ပြေး စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၆ စီးက မြစ်ကြောင်းတစ်လျှောက်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ ၁၈ ရွာက အရပ်သား သုံးထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သင်္ဘောတွေဟာ မော်လိုက်မြို့ကို ဩဂုတ်လ ၂၆ ရက်မှာ ရောက်ရှိခဲ့ပြီး ချင်းတွင်းမြစ် အရှေ့တောင်ဘက်ကရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သင်္ဘောတွေနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မော်လိုက် အောက်ဘက်က ကြာအင်းရွာနဲ့ ဇီးခုံးရွာကြားမှာလည်း နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့တာ ရှိတယ်။ နေအိမ် သုံးလုံးလောက် လက်နက်ကြီးကြောင့် ပျက်စီးသွားတယ်။ လူထိခိုက်တာတော့ မရှိဘူး။ တချို့ရွာတွေက စစ်သင်္ဘောတက်လာတယ်ဆိုတာ ကြားကတည်းက ကြိုရှောင်နေကြတာ”

စစ်သင်္ဘောတွေဟာ ဩဂုတ်လ ၃၀ ရက် နေ့လယ်မှာတော့ ချင်းတွင်းမြစ်အထက်ဘက်ကို ဆက်ပြီး ဆန်တက်သွားပြီလို့ သူကပြောပါတယ်။

အရပ်သားတွေဟာ စစ်သင်္ဘောတွေလာတဲ့သတင်းကြားကတည်းက ကြိုတင်တိမ်းရှောင် နေကြတာကြောင့် လက်နက်ကြီးပစ်ခတ်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မော်လိုက်မြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇွန်လကစလို့ တိုက်ပွဲဖြစ်ပွားလာတာကြာင့် ဒေသခံ နှစ်သောင်းကျော်ဟာ တော၊ တောင်တွေမှာ တဲထိုးပြီး တိမ်းရှောင်နေကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။