ရွှေဘိုနဲ့ ဝက်လက်မှာ စစ်ကြောင်းထိုးလို့ လူနှစ်သောင်းကျော် ထွက်ပြေးနေရ
2023.09.04

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်က ကျေးရွာငါးရွာနဲ့ ဝက်လက်မြို့နယ်က ကျေးရွာ ၁၀ ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းလေးခုခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ဘေးရှောင်က နှစ်သောင်းအထက်မှာပဲ ရှိမယ်။ ဟန်လင်းရဲ့ အရှေ့ဘက်ခြမ်းက စစ်ရှောင်တွေရယ်၊ အဲဒီဘက်ကရွာတွေရယ်၊ ဟန်လင်းအနောက်ဘက်ခြမ်းက ရွာတွေရယ်။ နှစ်ဘက်ကို စစ်ကြောင်းလေးကြောင်းနဲ့ ညှပ်ခံထားရတာဗျ"
ရွှေဘိုမြို့နယ် ရွာသစ်ကုန်းရွာကို စစ်ကောင်စီတပ်သား ၄၀ နီးပါးရှိတဲ့စစ်ကြောင်းက ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ၁၀ အိမ်ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသစ်ကုန်း၊ ဂွေးပင်ကုန်း၊ သဲကျွန်း၊ ငပိအိုး၊ ကံကြီးတော စတဲ့ရွာတွေက ဒေသခံတွေ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဝက်လက်မြို့နယ်မှာလည်း စစ်ကြောင်းထိုးနေတာတွေကြောင့် ဟန်လင်းမြို့ အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေအပါအဝင် ထုံးဘိုကုန်း၊ ရှားကွဲ၊ ချောင်းမီးတို၊ မင်းကန်ရွာ၊ ဟန်လင်းမြို့ အနောက်ဘက် ရထားသံလမ်းအနီးက ဖွတ်လှိုင်း၊ ယင်းမာကန်၊ ဘိုတဲ၊ ပုဆိုးခြုံ၊ ဘူတာ၊ စင်းတဝဲ ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော် ရှိနေပါတယ်။